လားရှိုးတွင် လူသတ်၊ ဓါးပြတိုက်မှု ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး အိမ်အကူ အမျိုးသမီးကို လည်း ဓားနှင့် ခုတ်သတ်သွားသည်ဟု ဒေသခံများက ပြောသည်။
လားရှိုးမြို့၊ မန်အိုင်ကျေးရွာက နေအိမ်တစ်အိမ်ကို အမျိုးသား ၂ ဦးက ဓားပြတိုက်ပြီး ငွေသား ကျပ်သိန်း (၆၀)နှင့် ဆွဲကြိုးတို့ကို ယူဆောင်သွားသည့်အပြင် အိမ်အကူ မိန်းကလေးကိုလည်း ရက်စက်စွာ ခုတ်သတ်ခဲ့သည်ဟု အခင်းဖြစ်ပွားသည့် နေရာကို ရောက်ရှိခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ကျနော်တို့က အဲမှာဖြစ်ပြီးမှ ရောက်ရှိသွားတယ်။ ဌာနပေါင်းစုံတွေလည်း ရောက်ရှိလာတယ်။ အိမ်ဖော် ကောင်မလေးကို သူ့အိပ်ယာမှာပဲ ဓားနဲ့ခုတ်ပြီး ပွဲချင်းပြီး အသက်ဆုံးရှုံးသွားတာပေါ့။ အဲ့ညက မီးလည်း ပျက် နေတဲ့ ညဖြစ်တယ်။ သူတို့က အိမ်ဖော်မလေးကို အရင်သတ်တာ။ အိမ်ရှင်က သူတို့အခန်းထဲမှာ တံခါးပိတ်ပြီး အိပ်နေပြီ။ အိမ် ဖော်က မအိပ်သေးဘူး။ သူက တံခါးတွေပိတ်ဖို့ အပြင်ထွက်ချိန်မှာ ဓားကိုင်ထားတဲ့ မျက်နှာဖုံးနဲ့ လူနှစ်ယောက်က တွေ့တော့ သူကအော်လိုက်တာ။ အဲ့နှစ်ယောက်က အိမ်ဖော်မလေးကို သတ်ပြီး အိမ်ရှင်အခန်း ဘက်လာတာ။ လာတော့ အိမ်ရှင်ကောင်မလေးက တောင်းပန်ပြီး လိုအပ်တာယူသွားလို့ ပြောလိုက်တာ။ အဲ့နှစ် ယောက်က လိုတာယူပြီး အိမ်ရှင် နှစ်ယောက်ကို အိမ်သာထဲမှာ သော့ခတ်သွားတယ်။”
အဆိုပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ ည ၈ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူ အိမ်အကူ မိန်းကလေးသည် လားရှိုးမြို့ နယ် ကုန်းညောင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် (၁၅) နှစ် အရွယ်သာ ရှိသေးသည်။
ဓားဒဏ်ရာ ၇ ချက်နဲ့ ခေါင်း၊ လက်၊ မျက်နှာ၊ ရင်ဘတ်နေရာများတွင် ဓားဒဏ်ရာ ၇ ချက်ရရှိခဲ့သည်ဟု ဒေသခံ များက ဆိုသည်။
အိမ်အကူ မိန်းကလေး သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေသည်ဟု အဆိုပါဒေသခံ က ဆက်ပြောသည်။
“ကျနော် စဥ်စားမိတာ တစ်ခုက အိမ်ဖော်မလေးကို တော်တော်လေး သေဆုံးတဲ့ထိ ခုတ်သတ်သွားတယ်။ တကယ်လို့ ဓားပြတိုက်ပဲဆိုရင် လိုချင်တာပဲ ယူသွားမှာလေ။ ကျနော်သုံးသပ်မိတာ သူတို့အချင်းချင်းပဲ လုပ်ကြံ တာ ဖြစ်မလားပေါ့။ သူတို့ပတ်ဝန်းကျင်တွေကို စုံစမ်းထားရသလောက် အိမ်ရှင်အမျိုးသားက လူမိုက်တွေနဲ့ ပေါင်းသင်းတာရှိတာတဲ့။ အခုက သူ့တို့နှစ်ယောက်ကိုလည်း ရဲတွေစစ်ဆေးမေးမြန်းတာ။”
ဓားပြတိုက်ခံရသူများသည် ယခင်က ပန်းဆိုင်းတွင် နေထိုင်ပြီး လားရှိုးသို့ ပြောင်းလာသည်မှာ မကြာသေးသလို အိမ်အကူ မိန်းကလေးသည်လည်း ၎င်းတို့နှင့် လာရောက်နေထိုင်နေသည်မှာ ၁ လခန့်သာ ရှိမည်ဟု ဆိုသည်။
ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည့် မန်အိုင်ကျေးရွာတွင် လောင်းကစားရုံ တစ်ရုံရှိပြီး အဆိုပါ လောင်းကစားရုံကြောင့် သူခိုး၊ ဓားပြများလည်း ပေါနေသည်ဟု ဒေသခံများက ပြောသည်။
လားရှိုးမြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် လောင်းကစားဝိုင်းများ ပေါများလာသကဲ့သို့ မူးယစ် ဆေးဝါးသုံးစွဲသူများ နှင့် ရောင်းချသူများသည်လည်း ယခင်ကထက် ပိုများလာသည်ဟု ဒေသခံများက ဆိုသည်။
ဓါတ်ပုံ – ရွှေဖီမြေ