ကွတ်ခိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲ မရှိပဲ လက်နက်ကြီးကျ၊ နေအိမ်များ ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ နေအိမ်များ ထိမှန်ပျက်စီးခဲ့သည့် အပြင် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးခဲ့သည်။

နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီတပ်ရင်း ၁၂၃ တပ်နှင့် နမ့်ခိုင်ကင်းစခန်းများကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မိုင်းယုလေး ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်ရာမှ လူနေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များကို ထိမှန်ခဲ့ခြင်းဖြစ် သည်ဟု နေအိမ်ထိမှန်ပျက်စီးခဲ့သည့် မိုင်းယုလေးကျေးရွာသား တစ်ဦးက ပြောသည်။

မိုင်းယုလေးကျေးရွာသား တစ်ဦးက “စပစ်လာတာက ကိုးနာရီလေးဆယ်ငါးလောက်မှာဖြစ်တယ်။ သူတို့က နမ့် ခိုင်တံတားကနေ ပစ်ခတ်လာတာ။ ပထမတစ်လုံးက အိမ်နဲ့နည်းနည်းဝေးတယ် ဒါပေမယ့် ကျွန်မတို့က အိမ် အောက်မှာ ဆင်းလိုက်တယ်။ သုံးလုံးကတော့ အိမ်ရဲဘေးမှာ ကျတယ်။ တစ်လုံးက အပေါ်အိမ်မှာ ကျတာ နောက်တစ်လုံးက လမ်းမကြီးပေါ်မှာကျတာ။ သူတို့ပစ်တဲ့ပုံစံက ညီနေတယ်” ဟု ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်း ၁၀ နာရီမထိုးခင်မှာ နမ့်ဖက်ကာ အခြေစိုက် တပ်ရင်း (၁၂၃) နှင့် နမ့်ခိုင်ကင်း စခန်းကနေ မိုင်းယုလေးကျေးရွာထဲသို့ လက်နက်ကြီး (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုင်းယုလေး ကျေးရွာရှိ ပလောင်ရပ်ကွက်က နေအိမ် ၈ လုံး နှင့် အိမ်စီးကားများ ထိမှန်ပျက်စီးခဲ့သည့်အပြင် တရုတ်ရပ်ကွက်တွင် အိမ်မွေးတိရစ္ဆာန် ဝက် ၄ ကောင် သေ ဆုံးခဲ့သည်ဟု ဆိုသည်။

နေအိမ်များမှာ သွပ်မိုး၊ အိမ်တံခါးပေါက်နှင့် မီးဖိုချောင်များ ထိမှန်ခဲ့သည် ဟု ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့က ကျရောက်သည့် စျေးနေ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များက မိုင်းယုလေးကျေး ရွာထဲကို ဝင်ရောက်လာပြီး စျေးဝယ်သည့် သတင်းကို ကြားသည့်အတွက် စစ်ကောင်စီတပ် များက ယခုကဲ့သို့ ပစ်ခတ်မှုများကို လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုသည်။

“ရွာထဲမှာ ဘာလက်နက်ကိုင်မှ မရှိထားဘူး။ မနေ့က စျေးနေ့ဆိုတော့ KIA တပ်သားတွေ ဟင်းလာဝယ်တာ။ KIA က ပစ္စည်းတွေ လာဝယ်တော့ ဖြတ်သွားဖြတ်လာတာရှိတယ်။ စစ်တပ်ဘက်က အဲ့သတင်းကြားလို့ထင်တယ်။ ရွာထဲမှာက ဘာစစ်တပ်မှမရှိဘူး။ KIA က မန်တုံ (ကုန်းစုံ)ကျေးရွာဘက်မှာ နေတာ။”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ကလည်း နမ့်ဖတ်ကာ ဇီးတဘန်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အသက်(၃၆) အမျိုးသား တစ်ဦး၊ အသက်(၅၆) အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ထိမှန် ဒဏ်ရာရရှိခဲ့သည်။

အလားတူ သြဂုတ်လ ၃၀ ရက်နေ့ကလည်း နမ့်ဖတ်ကာ စစ်ကောင်တပ်က ပစ်ခတ်လိုက်သည့် လိုက်နက်ကြီး ကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဓါတ်ပုံ – Ta’ang News Independent