စစ်သား စုဆောင်းမှု နာဂ အဖွဲ့မဟုတ်ကြောင်း ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်။

လီဒိုလမ်းမကြီးပေါ်က တပ်သားစုဆောင်းနေမှုများမှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း ENNO/ENDA မဟုတ် ကြောင်း ထုတ်ပြန်ထားသည်။

တနိုင်း- နန်းယွန်း မြို့တို့ကြားရှိ လီဒိုလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများအား တပ်သားစုဆောင်းနေမှု အပေါ် အရှေ့နာဂအမျိုးသားအဖွဲ့အစည်း ENNO/ENDA က ၎င်းတို့ မဟုတ်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန် လိုက်သည်။

ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ ENNO/ENDA မှ အထွေထွေအတွင်းရေးမှူး ဦးဂျင်မီ ပြော ”ထုတ်ပြန်ချက်မှာ လည်း အချက် ၄ ချက်ပဲ ထုတ်ပြန်ထားတယ်။ ကျနော်တို့ ထုတ်ပြန်ရတယ်ဆိုတာက အဲမှာပွင့်ပွင့်လင်းလင်း ပြော ထားပြီး ဒီတနိုင်းလီဒိုလမ်းတစ်ကြောဟာ ရှင်းရှင်းပြောရင် ကျနော်တို့ အဖွဲ့မရောက်သေးတဲ့ အခြေအနေ မှာ ရှိတယ်။ စုဆောင်းရေးတို့ဘာတို့ဆိုတာက မလုပ်သေးဘူး ရှိလည်းမရှိခဲ့ဘူး” ဟု ပြောသည်။

ထိုထုတ်ပြန်ချက်ထဲတွင် အချက် ၄ ချက်ပါဝင်ပြီး နာဂလူမျိုးများ၏ လူငယ်များအား အဓိကပစ်မှတ်ထား တပ် သား စုဆောင်းနေမှု မပြုလုပ်ခဲ့ကြောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် တပ်သား စုဆောင်းသင့်ကြောင်းနှင့် မပွင့်လင်း သော လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စသည့်အချက်တို့ ပါဝင်သည်။

“အဲဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ဒီနေရာမှာ ENNO/ENDA အနေနဲ့လည်း မဟုတ်ဘူး။ ဘယ်သူဘယ်ဝါဆိုတာ လည်း မပြောနိုင်ဘူး၊ ကျနော်တို့ မရှိတဲ့အတွက် ကျနော်တို့ မမြင်တဲ့အတွက် ကျနော်တို့ မသိတဲ့အတွက် ဒါက ပြည်သူလူထုတွေ အနေနဲ့ ကျနော်တို့ကို အမြင်မမှားစေဖို့ရန် ရည်ရွယ်ချက်ကတော့ အဲ့ဒါပဲဖြစ်တယ်” ဟု ဦးဂျင်မီက ဆက်ပြောသည်။

၎င်းလမ်းမတွင် စစ်အာဏာသိမ်းစမှစ၍ ခရီးသွားပြည်သူများဖြစ်သည့် နာဂလူငယ်များအား ကချင်လွတ်လပ် ရေးတပ်မတော် KIA မှ တပ်သားစု ဆောင်းနေသလို တနိုင်းမြို့နယ်ရှိ နာဂလူမျိုးများနေထိုင်သည့် ကျေးရွာအချို့ ၏ လူနေအိမ်များတွင် ဝင်ရောက်ကာ ဖမ်းဆီးနေပြီး တပ်သားစုဆောင်းနေခြင်းများလည်း ရှိခဲ့သည်ဟု ဒေသခံ များက ဆိုသည်။

KIA တပ်သားစုဆောင်းမှုကြောင့် တနိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်တို့မှ ခရီးသွားပြည်သူများ သွား လာရန် အခက်အခဲများ ကြုံနေရသလို ထိုကဲ့သို့ မတရား တပ်သားစုဆောင်းမှုအား ကန့်ကွက်ကြောင်း ၎င်း တပ်သားသစ် စုဆောင်းမှုကြောင့် အိမ်မပြန်နိုင်သည့် နန်းယွန်းဒေသခံတစ်ဦး က ပြောသည်။

“ဒီလို စုဆောင်းမှုအပေါ် စစ်သားစုဆောင်းတာကိုလက်မခံဘူး။ အခုက စီးပွားရေးအတွက်ပဲ ဖြစ်ဖြစ် နောက်ဆုံး ကျန်းမာရေး တစုံတရာအတွက်ပဲဖြစ်ဖြစ် နောက်တစ်ခုက သာသရေးနာရေးအတွက် ဒါတွေအကုန်လုံးက ရင် တထိတ်ထိတ်နဲ့ သွားနေရတယ်။ ဒါကြီးက လူထုတွေကို ဒုက္ခပေးနေသလိုပဲ ခံစားရတယ်။ နန်းယွန်းဒေသက မြစ်ကြီးနားကို မှီခိုထားရတဲ့ အနေအထားဖြစ်တယ်။ မဖြစ်မနေသွားကြတဲ့သူတွေလည်း ဖမ်းခံရတာပဲလေ၊ ကျောင်းသွားတက်ဖို့ သွားတာတွေ ပန်ဆောင်ဘက်က ၄ ယောက်ဖမ်းခံရတယ် မကြာသေးဘူး” ဟု ပြောသည်။

ထိုဒေသတွင် KIA နှင့် စစ်ကောင်စီတပ်တို့ အဓိက လှုပ်ရှားနေပြီး တပ်သားစုဆောင်းမှုတွင် KIA ကသာ စုဆောင်း နေပြီး ယနေ့ချိန်ထိ နာဂလူငယ်များ မည်မျှ စုဆောင်းခံရထားရသည်ကို အတိအကျ မသိရသေးဘူးဟု ဆိုကြ သည်။

KIA က တပ်သားစုဆောင်းနေသည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ KIO/KIA သတင်းနှင့်ပြန် ကြားရေး တာဝန်ရှိသူအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သို့သော် အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO) က ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယခုနှစ် မတ်လ ၈ ရက်နေ့၌ နာဂလူမျိုး လူငယ်အယောက် ၅၀ ခန့်ကို တပ်သားသစ်စု‌ဆောင်းခဲ့သေးသည်။

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (Eastern Naga National Organization/Eastern Naga Defence Army – ENNO/ENDA) ကို ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ နာဂတိုင်းရင်းသားများ အရေးကို လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်ဟု ဆိုသည်။။