သိုးကျောင်းနေသည့် စစ်ရှောင် တစ်ဦးအား စစ်ကောင်စီ သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပျူရွာဖြစ်သည့် ကံကြီးကုန်းကျေးရွာအနီးတွင် သိုးကျောင်းနေသည့် စစ်ရှောင် အမျိုးသား တစ်ဦးအား စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး ၎င်း၏ သိုးအုပ်အားလည်း သိမ်းယူသွားသည်ဟု ဒေသခံများက ပြောသည်။
စက်တာဘာလ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ သိုးကျောင်းသား အသတ်ခံရမှုကို စစ်ကောင်စီတပ်နှင့် ပျူးစောထီး ပူးပေါင်းအဖွဲ့တို့က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ချောင်းဦးမြို့ နယ်တော်လှန်ရေးတပ်မှ တာဝန်ရှိသူ က ပြောသည်။
“သိုးကျောင်းသားက စစ်ရှောင်ပေါ့။ အသိအိမ်မှာ သိုးကိုထားပြီး သိုးကျောင်းတာ။ မနေ့တုန်းက သိုးကျောင်း သား ဖြစ်စဉ်မှာလည်း သိုးကျောင်းသားက စားကျက်မြေပေါ့ အဲ့မှာ သွားကျောင်းတာ။ ကျောင်းရင်းနဲ့ ပျူရွာ နားအထိ သိုးကျောင်းတာ ကျနော်တို့က တားထားတာ နားမထောင်ဘဲ သွားတယ်။ ကျနော်တို့က ရသလောက် ပြန်ကယ် တယ်။ ကလေးလေး တစ်ယောက်ဘဲ ကျနော်တို့ဆီ ပြေးလာတာ နွားအုပ်တွေက လွှတ်သွားတယ်။ သိုး အုပ်က သိုးအုပ်က အကောင်ရေ တစ်ရာဆိုတော့ နှမျောပြီးတော့ ဝပ်နေတာ သိုးအုပ်ထဲမှာ၊ အဲ့မှာ ဖမ်းပြီး အသတ်ခံ လိုက်ရတာပါ။”
စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အဆိုပါ အမျိုးသားမှာ အသက် ၄၀ အရွယ် ဦးဇော်ဌေး ဆိုသူဖြစ်ပြီး ကလေးတစ်ဦးဖခင်ဖြစ်သည်။
ချောင်းဦးမြို့ နယ်တော်လှန်ရေးတပ်မှ တာဝန်ရှိသူက “အခုအသတ်ခံရတဲ့ သူက PDF မဟုတ်ဘူး။ သိုးကျောင်း သားပါ။ ဘယ်အဖွဲ့ထဲမှ မပါပါဘူး။ မိန်းမနဲ့ ၁၅ နှစ်အ ရွယ် သားတစ်ယောက် ကျန်ခဲ့တာပါ” ဟု ဆက် ပြော သည်။
ဦးဇော်ဌေးနှင့် သိုးအကောင်ရေ ၁၄၀ ကောင်အား စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ခေါ်သွားပြီး နောက် စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ဖြစ်သည့် Fifty Two News တွင် ၎င်းသိုးကျောင်းသားမှာ PDF တစ်ဦးဖြစ် ပြီး လက်နက်များနှင့် အတူ ဖမ်းဆီးရမိ၍ သတ်ဖြတ်လိုက်ကြောင်း ဖော်ပြထားခြင်းသည်။
အဆိုပါ ဖော်ပြချက်နှင့် ပတ်သက်၍ “ပျူကျေးရွာနားအထိ သိုးသွားကျောင်းလိုက်တာ ဟိုဟာတွေက သေနတ် ပစ်ဖောက်တာ ကိုဇော်ဌေးက သိုးအုပ်ထဲမှာ ဝပ်နေတာ။ သိုးအုပ်ထဲ မလာဘူးထင်လို့။ ကိုဇော်ဌေးက ဝပ်နေရင်း တဲ့ အဖမ်းခံခဲ့ရတာ။ ဒီနေ့မနက်တော့ သဲသဲကွဲကွဲတော့ မသိသေးဘူးပေါ့။ သူတို့ပိုစ်တင်မှသူတို့ Fifty Tow group ထဲ ဝင်ကြည့်လိုက်တော့မှ ဒါသတ်ပြီးပြီ ဖြစ်ကြောင်း ကျနော်တို့သိရတာပေါ့။ သူတို့ရဲ့ ကျေးရွာရဲ့ အရှေ့ဘက်မှာ တော့ အလောင်းပုံစံ ဒရုန်းနဲ့ ရိုက်မိတာရှိတယ်” ဟု ပြောသည်။
ချောင်းဦးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် အရပ်သားများအပြင် PDF အဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုများ လည်း ရှိနေသည်။ PDF များ သတ်ဖြတ်ခံရမှု ၈ ဦးထိရှိခဲ့ပြီး အရပ်သားများ သတ်ဖြတ်ခံရမှု စာရင်းကိုမူ အတိအကျ မရရှိသေးဘူးဟု ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်မှ တာဝန်ရှိသူက ဆက်ပြောသည်။
“PDF ၈ ယောက်သတ်ခံရဖူးတယ်။ ဖမ်းပြီး သတ်ခံရတာ။ အရပ်သား သတ်ဖြတ်ခံရမှုတွေ ရှိတယ်။ ရက်အတိ အကျ မှတ်တမ်းတင်မထားနိုင်တာ။ ပျူထဲက ထွက်ပြေး လွတ်မြောက်တာတွေရော ရှိတယ်” ဟု ပြောသည်။
ဩဂုတ်လ ၅ ရက်နေ့ကလည်း တိုက်ပွဲအတွင်း၌လည်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်မှ ရဲဘော် ၃ ဦး ကျ ဆုံးခဲ့ပြီး မေလတွင်လည်း ကျီးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ အရပ်သား ၃ ဦးနှင့် PDF ၆ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းတို့ကြောင့် ပြည်သူများ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်ပြီး စစ်ရှောင်ဘေး ရှောင်နေရသည့် ရွာများမှာ ယာကြီးကျေးရွာ၊ ရွှေလှ၊ ရွှေကျင်၊ ကုလားကြီး၊ တပယ်အင်း နှင့် အင်းမကျေးရွာ စသည့် ကျေးရွာများမှ ပြည်သူများ ယနေ့အချိန်ထိ စစ်ရှောင်နေကြရသည်။