စစ်ကောင်စီ သတင်းပေးဆိုသူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စစ်ကောင်စီသတင်းပေး ပျူစောထီး အဖွဲ့ဝင်တစ်ဦး နှင့် ရပ်ကျေးစာရေး တစ်ဦးတို့ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က ခေါင်ပြန်ကျေးရွာမှ ဦးကြည်စိုး၏ နေအိမ်သို့ ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာသည့် လူ ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၀ နှစ် အရွယ် ဇာဒီရွာသားတစ်ဦးက “နှစ်ယောက်စလုံးက စစ်တပ်နဲ့အတူတွဲပြီး သွားသွားလာလာ ရှိ နေသူတွေပါ။ ပြည်သူ့ကာကွယ်ရေး တပ်တွေက အကြိမ်ကြိမ် သတိပေးတာ ခံရဘူးတယ်” ဟု ပြောသည်။

ဦးကြည်စိုးအား ပစ်ခတ်ခဲ့ကြသူများသည် ဇာဒီကျေးရွာအလယ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် ဦးသက်မောင် ဆိုသူလည်း သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရသည်။

ဦးသက်မောင်မှာ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လက်မောင်းနှင့်ပေါင်တို့၌ ကျည်ရှပ်ထိဒဏ်ရာများရရှိခဲ့ကာ အုန်းပင်ကွင်းကျေးရွာရှိ မောရဝတီရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ပစ်ခတ်မှုများ ဖြစ်ပြီးသည့်နောက် ညနေ ၆ နာရီခွဲခန့်တွင် ကံပေါက်ကျေးရွာဘက်မှ ကားငယ် ၂ စီး၊ ကားကြီး ၄ စီးဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ဇာဒီကျေးရွာသို့ ရောက်ရှိလာသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်မှ ဇာဒီကျေးရွာအုပ်စု အတွင်းရှိ ပယကျေးရွာ၊ ခွေးမဖောကျေးရွာနှင့် ခေါင်ပြန်ကျေးရွာများတွင် ကင်းပုန်းဝပ်ခြင်းများ ပြုလုပ်နေပြီး ပယကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့၊ ညနေပိုင်းအချိန်ထိ အထိုင်ချကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က ဇာဒီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးအေးဟန် ပစ်သတ်ခံခဲ့ရ ပြီးနောက် လက်ရှိအချိန်ထိ ကံပေါက်ဒေသအတွင်း ဆိုင်ကယ်စီးခွင့်ကို စစ်ကောင်စီတပ်မှ ပိတ်ပင်ထားသည်။