တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီ မိသားစုဝင်များအား ဒီးမော့ဆို PDF ပြန်လွှတ်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

ကယား(ကရင်နီ)ပြည်၊ မယ်စဲ့မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ မိသားစုဝင် ၉ ဦးကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO-PDF)က နေရပ် ပြန်ခွင့်ပြုလိုက်သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ မယ်စဲ့မြို့အတွင်း DMO-PDF က ကင်းလှည့်နေစဉ် ရဲစခန်းနှင့် တစ်ဖာလုံကွာဝေးသည့် နေရာ၌ ၎င်းတို့ ၉ ဦး ထွက်ပြေးလာသည်ကို တွေ့ရှိပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ၎င်းတို့၏ ဆန္ဒအရ နေရပ်ကို ပြန်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိထားသည့် အထဲတွင် စစ်တပ်မိသားစု တစ်စုနှင့် ရဲမိသားစု ၂ စု ပါဝင်ပြီး ၎င်းတို့အား ဖမ်းဆီးထားစဉ် ကာလအတွင်း လိုအပ်သည့် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကအစ ပေးထားခဲ့ပြီး အလုံခြုံဆုံး နေ ရာတွင် ထိန်းသိမ်းထားသောကြောင့် ယခုကဲ့သို့ ပြန်ပို့ချိန်တွင်လည်း မိမိတို့အဖွဲ့၏ လုံခြုံရေး အတွက် စိုးရိမ်စရာ မရှိဘူးဟု တာဝန်ရှိသူများက ပြောသည်။

“ကျနော်တို့ တော်လှန်နေတာ တိုက်နေတာက စစ်အာဏာရှင်တွေကိုပေါ့။ ဆိုတော့ သူတို့ အမျိုးသားတွေကြ တော့ အာဏာရှင်နဲ့ ပူးပေါင်းပြီးတော့ တိုက်တယ်။ ဒါတော့ ကျနော်တို့က တိုက်ရမှာပဲပေါ့။ ဒါက သဘာဝကျ တယ်။ သူတို့ မိသားစုဝင်တွေကြတော့ ကျနော်တို့ ထည့်တွက်လို့ မရဘူးပေါ့။ သူ့ကလေးတွေ ရှိတယ်။ အမျိုး သမီးတွေကျတော့ စည်း ၃ ပါး ပုံစံနဲ့ လုံခြုံရေးအရ ဖမ်းဆီးထိမ်းသိမ်းထားတာ ဒီလောက်ပဲ။ လိုအပ်တာ မေး မြန်းပြီးရင် ပြန်လွှတ်မယ်။ ရိုက်နှက် ပုတ်ခတ်တာတို့ ရိုင်းစိုင်းပြီး ခြိမ်းခြောက် ဆက်ဆံတာတို့ ကျနော်တို့ လုပ်ခွင့် မပေးဘူး” DMO-PDF ပြန်ကြားရေး တာဝန်ခံ တစ်ဦးကပြောသည်။

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် ကာလများတွင်လည်း ၎င်းတို့ကို လိုအပ်သည့် အစားအစာ၊ အဝတ် အထည်၊ အသုံးအဆောင်၊ ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့ကို လူ့အခွင့်ရေးနှင့်အညီ တပ်ဖွဲ့ဝင်များနှင့် တစ်တန်းတည်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် မိသားစုဝင်များထဲတွင် တပ်ကြပ်ကြီး၏ ဇနီးလည်း ပါဝင်ပြီး ဇနီးဖြစ်သူ ကိုယ်တိုင် ခင်ပွန်းဖြစ်သူအား CDM ပြုလုပ်ရန် ၂ ကြိမ်တိတိ သွားရောက် တောင်းဆိုခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိဘူး ဟု ဆိုသည်။

DMO-PDF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “ကျနော်တို့ ဖမ်းမိတာကတော့ ၁၆ ရက် မနက်ပိုင်းပေါ့။ ကျနော်တို့ ဘက်ကလည်း နည်းနည်းပါးပါး မေးမြန်းတော့ သူ့ဖက် အနေနဲ့လည်း ကျမယောက်ကျား ကျမ ပြန်ခေါ်မှာပေါ့။ ကျနော်တို့ဘက်ကနေ စာရေးပေးလို့ရလား တောင်းဆိုလာလို့ ကျနော်က စာရေးပေးလိုက်တယ်ပေါ့နော်။ ဆို တော့ သူ့ယောက်ကျားကို ပြန်သွားခေါ်နေတဲ့ အချိန်မှာ ခရိုင်မှူးလို့ သူတို့ ပြောတာပဲ။ အဲဒီ ခရိုင် ဒုရဲမှူးက ဝင်ခွင့် မပေးဘူးပေါ့နော်။ နောက်ပြီးတော့ သူ့အမျိုးသားနဲ့လည်း စကားပြောခွင့် မပေးဘူးပေါ့နော်။ သူ့စာကိုတော့ လက် ခံထားတယ် ပြောတယ်။ ပစ်ထုတ်လား၊ ပြန်ပေးတာလားလည်း မသိရဘူး။ ၁၇ ရက်နေ့ရောက်တော့ ကျနော် လည်း အပြင်မှာ ရှိနေတယ်။ အဲရဲဘော်ကို ပြောပြီးတော့ သူက သွားခေါ်ချင်တယ်ပေါ့နော်။ ကျနော်တို့လည်း စာရေးပေးလိုက်တယ်။ ဒါလည်း အရင် ပုံစံလိုမျိုး ဝင်ခွင့်လည်းမပေး၊ စကားပြောခွင့်လည်း မပေးဘူး” ဟု ပြောသည်။

ထို့နောက် ဇွန်လ ၂၃ ရက်နေ့ မယ်စဲ့မြို့ ရဲစခန်းနှင့် တောင်ပေါ်စခန်းသိမ်း တိုက်ပွဲတွင် ၎င်းတို့၏ မိသားစုဝင်များ ကျဆုံးခဲ့ပြီးနောက် နေရပ်ပြန်လိုခြင်း မရှိတော့သည်နှင့် DMO PDF မှ ဆက်လက် ထိန်းသိမ်းထားခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီ မိသားစုဝင်များက ထိန်းသိမ်းထားပြီး ၃ လအကြာ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေရပ် ကို ပြန်လိုကြောင်း တောင်းဆိုလာသည့်အတွက် လမ်းစရိတ်အတွက် ငွေအနည်းငယ်စီပေးက လုံခြုံသည့် နေရာ ကို ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

လတ်တလော DMO-PDF သည် ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် အတူတကွ တိုက်ပွဲ ဖော် ဆောင်လျက်ရှိပြီး ဩဂုတ်လ ၃ ရက်နေ့ကလည်း တပ်ရင်း ၄၊ အထူးကွန်မန်ဒိုတပ်ကို တိုးချဲ့ ဖွဲ့စည်းလိုက်သေး သည်ဟု ဆိုသည်။