ဧရာဝတီမြစ် အတိုင်းတက်လာသော စစ်ကောင်စီတပ်သားများ ရွာကို မီးရှို့ပြီး အရပ်သားများကို သတ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

စစ်သင်္ဘောပေါ်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကသာမြောက်ဘက်ရှိ တုတ်ကြီးရွာကို မီးတင် ရှို့ပြီး အရပ်သား ၇ ဦးထက် မနည်းကို အစုအလိုက် အပြုံလိုက် သတ်ဖြတ်သွားသည့်အပြင် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း ဒေသခံများက ပြော သည်။

စစ်ကိုင်းတိုင်း ကသာမြို့မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ တုတ်ကြီးနှင့် ရေနီကျေးရွာတို့ကို လက်နက်ကြီး လက် နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ကာ အရပ်သား ၇ ဦးကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

“ရွာသားတွေကို မီးရှို့ထားခဲ့တာ။ ရွာနာမည်က တုတ်ကြီးရွာ။ သူက မိုးတားကြီး၊ မိုးတားလေးနားလေ။ အဲ့ဘက် ကို သင်္ဘောတွေတက်သွားတာ။ မိုးတားလေး PDF တွေက သူတို့ကို သွားချတာ။ အဲ့မှာ PDF မရှိတဲ့ ရွာဘက်ကို စစ်သားတွေက ကူးသွားပြီး ရွာကို မီးရှို့သွားတယ်။ အဲ့မှာ ရွာသားတွေကို သတ်သွားတယ်။ ရေနီကတော့ ဘုန်း ကြီးကျောင်းလည်း မီးရှို့သွားတယ်။ တုတ်ကြီးနဲ့ ရေနီက နီးနီးလေးကို” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီ ၅၁ မိနစ်အချိန်ခန့်က ဗန်းမော်မြို့ကို ဆန်တက်လာသည့် စစ်ရိက္ခာ တင် သင်္ဘော ၆ စီးကို ဒေသခံကာကွယ်ရေးတပ်များနှင့် KIA ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ပြီးနောက် ကမ်းပေါ် တက် ကာ တုတ်ကြီးကျေးရွာနှင့် ရေနီကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ဒေသခံ ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ရိက္ခာသင်္ဘော တစ်စင်း ထိမှန်ခဲ့ပြီးနောက် ရေလည်တွင် ကျောက်ချရပ်နား၍ စက်လှေများဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ကမ်းပေါ်တက်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ရေနီဘုန်းကြီးကျောင်းနှင့် အိမ်အလုံး ၃၀ ခန့် မီးလောင်ခဲ့ပြီး မီးလောင်သည့် အိမ်တစ်လုံးထဲမှ အလောင်း ၂ လောင်းတွေ့ကာ အဆက်အသွယ်မရ ပျောက်ဆုံးနေသူများလည်း ရှိကြောင်း ရေနီ ကျေးရွာသားတစ်ဦး က ပြောသည်။

“ဘုန်းကြီးကျောင်းလဲ ပြာကျသွားတယ်။ လက်နက်ကြီးမှန်ပြီး မီးလောင်တာလည်း ရှိတယ်။ အရင်က လက် နက်ကြီး မှန်ရင် စုတ်ပြတ်ကုန်တာ။ အခုက တခါတည်း မီးလောင်တာ မီးလောင်ဗုံးလား မသိဘူး” ဟု ပြော သည်။

တုတ်ကြီး၊ ရေနီ၊ ဝဲကြီးစသည့် ရွာများသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းဘေးတွင် တဆက်တည်းရှိသည့် ကျေးရွာများ ဖြစ်ကာ ကသာမြို့ မြောက်ဘက် ၇ မိုင်ခန့် အကွာတွင်ရှိသည်။

NUG အမျိုးသားညီညွတ်ရေး အစိုးရက ၅ ဦး ထက်ပိုပြီး အသတ်ခံရလျှင် အစုအပြုအပြုံလိုက် သတ်ဖြတ်မှု အဖြစ် အဓိပ္ပါယ်ဖွင့်ထားပြီး စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောဆိုထားသည်။