သတ်မှတ်ဈေးထက် ပိုမရောင်းရန် ဈေးသည်များအား အမိန့်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

မြိတ်မြို့ပေါ် ရှိ စည်ပင်ဈေးများတွင် အခြေခံစားသောက်ကုန်များနှင့် အသားငါးများအား သတ်မှတ်ဈေး အတိုင်း ရောင်းချရန်နှင့် ဈေးတင်ရောင်းချခြင်းမပြုရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သတိပေးထားသည်ဟု ဈေးရောင်းချနေသူများက ပြောသည်။

စက်တင်ဘာလ ပထမပတ် နောက်ပိုင်းမှ စတင်၍ ဈေးများအားလုံးတွင် ဗွီနိုင်းပိုစတာများကို လိုက်လံချိတ်ဆွဲ ထားခဲ့သည့် အပြင် အသားငါး ရောင်းချနေသူများကိုလည်း ဈေးပိုမရောင်းရန် တားမြစ်ခဲ့သည်ဟု ဈေးသည်များ က ပြောသည်။

ဝိသမလောဘသားများကို ကြပ်မတ်အရေးယူမည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြ ဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးကော်မတီ အစည်းအဝေးတွင် ပြော ကြားမှုနောက် အထက်ပါအတိုင်း သတိပေးမှု လုပ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှင်အချို့ကို ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီမှ ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ကောင်စီက လုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ပြီးသည့်နောက် အခြေခံ စားသောက်ကုန် စားအုန်းဆီ တစ်ပိဿာ ၅၅၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၅၀၀၀ ကျပ်နှင့် ဝက်သား တစ်ပိဿာ ၁၄၀၀၀ ကျပ်နှုန်းဖြင့် မဖြစ်မနေ ဈေးချရောင်းရန် စည်ပင်သာယာရေးအဖွဲ့က သတ်မှတ်ခဲ့ကြောင်း သီရိဇေယျာ (မြို့သစ်)ဈေးအတွင်း အသားရောင်းချနေသူများက ဆိုသည်။

မြို့သစ်ဈေးတွင် ဝက်သားရောင်းချနေသူ အမျိုးသမီးတစ်ဦးက “ပင်မဒိုင်ကြီးတွေကနေ ဖောက်သည်ယူပြီး လက်လီ ရောင်းချကြရတာပါ။ ဒိုင်ကြီးမှာတင် အရင်းဈေးက အသား တပိဿာ ၁၆၀၀၀ ကျပ်လေ၊ သူတို့ ရောင်းခိုင်းတဲ့ ဈေးနဲ့ အလေးချိန်အလျော့တွက်၊ သယ်ယူပို့ဆောင်ခ၊ ဆိုင်ခွန် ကိစ္စတွေ ထည့်တွက်ရင် အရှုံးပြနေ ပြီ။ အခုဆို အရိုးအသားရောနှောပြီး ဝယ်သူတွေနဲ့ ပြေလည်မျှတတဲ့ ဈေးနဲ့ ကြည့်ပြီး ရောင်းပေးနေရတယ်” ဟု ပြောသည်။

အသားသတ် လိုင်စင် လေလံ တင်ဒါဈေးကြီးမြင့်မှုနှင့် မွေးမြူရေး အစာ ဈေးနှုန်းကြီးမြင့်မှုများကြောင့်လည်း
အသားဈေးများ ဈေးကြီးနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ အတင်း ဈေးနှုန်းသတ်မှတ် ရောင်းချခိုင်းနေခြင်းမှာလည်း လက်လီရောင်းသူများနှင့် ဝယ်ယူစားသုံးသူများကို တမင် ရန်တိုက်ပေးနေသည့် သဘောဖြစ်နေသည်ဟု ၎င်းက ပြောသည်။

မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသည့် စျေးနှုန်းများအတိုင်း ရောင်းချပေးနိုင်ရန်အတွက် မွေးမြူရေး အစာ ဈေးသင့်တင့်စွာရရှိအောင် စီစဉ်ပေးရန်နှင့် လေလံတင်ဒါဈေးကို လျော့ချပေးရန် လိုအပ် ကြောင်း အသားငါးရောင်းချနေသူများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီမှ မြို့နယ်အတွင်းရှိ စားသုံးသူရေးရာနှင့် ဆီကုန်သည်များအား ခွဲတမ်းဖြင့် လူတစ်ဦး လျှင် ရေသန့်ဘူးတစ်ဘူး (၅၀ကျပ်သားခန့်) အားငွေ ၃၇၀၀ ကျပ်နှင့် ရောင်းချရန် စေခိုင်းခဲ့သည်ဟု မြိတ်နောက် လယ်ရပ်ကွက်နေ ဆီကုန်သည် တစ်ဦးက ဆိုသည်။

ဈေးများအတွင်း လက်လီရောင်းချသူများက ထိုင်းဘက်ခြမ်းမှ တင်သွင်းလာသည့် စားအုန်းဆီ ၁၀ ပိဿာဝင် ပုံးဝါတစ်ပုံးအား ၈၂၀၀၀ ကျပ်ဖြင့် လက်ကား ဝယ်ယူနေရခြင်းကြောင့် ရောင်းချရန် သတ်မှတ်ထားသည့် ဆီဈေး နှုန်းနှင့် များစွာ ဈေးကွာခြားနေသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူများ အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေးကြပ်တည်းမှုများ ရင်ဆိုင် နေကြရသည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကောင်စီမှ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူများ ထုတ် ဝေသွားမည့်အကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ရွှေဈေး၊ ဒေါ်လာဈေးများ တရိပ်ရိပ်တက်ကာ အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ထိန်းမနိုင်အောင် မြင့်တက်သွားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကုန်သွယ်မှု ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားကူးသန်းက အရာရှိ အချို့ အပါအဝင် စီးပွားရေးလောကမှ လူရာဂဏာန်းဝန်းကျင် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။

ဖမ်းဆီးအစစ်ဆေးခံရသူများထဲတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ဆန်၊ ဆီ၊ ပြောင်းနှင့် ငွေကြေးဈေးကွက်က လုပ်ငန်းရှင်များ အဓိကပါဝင်နေသည်။