ဗျူစောထီးခေါင်းဆောင်ဆိုသူနှင့် ဇနီးတို့ ပစ်သတ် ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း ပျူစောထီး ခေါင်းဆောင်ဆိုသူနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ရွာသားများက ပြောသည်။

ကျောက်ဆည်ကျေးရွာ ပျူစောထီးခေါင်းဆောင် ဦးတိုးဝင်း အသက် ၅၀ နှစ်နှင့် ဇနီးဖြစ်သူတို့ စက်တင်ဘာလ ၁၉ ရက်နေ့၊ ည ၈ နာရီခန့်က ထမင်းအတူစားနေစဉ် လူ ၁၀ ဦးခန့်ရောက်ရှိလာပြီး နေအိမ်ပတ်လည်အား ဝိုင်းထားကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ဦးတိုးဝင်းသည် စစ်တပ်က အာဏာသိမ်းပြီးသည့် နောက်ပိုင်း ကျောက်ဆည်ကျေးရွာအုပ်စု၏ ပျူစောထီး အဖွဲ့ခေါင်းဆောင် ဖြစ်လာကာ လက်နက်ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

နေအိမ်ကို ဝိုင်းဝန်းထားခဲ့စဥ် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ဦးတိုးဝင်းမှာ ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သည့် အပြင် အဆိုပါ ပစ်ခတ်မှုများအတွင်း ဇနီးဖြစ်သူ ဒေါ်ပပဝင်းမှာလည်း အိမ်အနောက်ဘက်သို့ ထွက်ပြေးစဥ် ရင်ဘတ်ကျည် ၂ ချက်ထိမှန်ခဲ့သဖြင့်နှစ်ဦးစလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“ညအိပ်ယာဝင်ချိန်ကြီး သေနတ်သံတွေကြားရတာ။ ဝိုင်းဖို့ဆီးဖို့ နဲ့ လက်နက်ချဖို့ အော်ပြောနေတဲ့ အသံတွေ ဆယ့်ငါးမိနစ် လောက်ကြားရပြီး အသံတွေ ပျောက်သွားတယ်။ မနက်မိုးလင်းမှ လင်မယား၂ယောက်စလုံး သေသွားပြီး သေနတ်နဲ့ စစ်ပစ္စည်းတွေလည်း ပါသွားတယ်လို့ ကြားရတာ” ဟု အသက် ၅၀ ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။

ပဲဒက်ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့၏ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဦးတိုးဝင်းသည် လူသစ်စုဆောင်း ခြင်း တာဝန်ယူထားသူ ဖြစ်ပြီး ကျေးရွာအုပ်စုအတွင်း ပြည်သူ့စစ်အဖွဲ့အတွက် တစ်အိမ်ထောင်စုလျှင် ကျပ် ၈၀၀၀ နှုန်းဖြင့် ငွေကြေး လိုက်လံကောက်ခံနေသူလည်း ဖြစ်သည်ဟု ရွာသားများ က ဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက ဦးတိုးဝင်းနှင့် ဇနီးဖြစ်သူတို့၏ ရုပ်အလောင်းများကို လာရောက်စစ်ဆေးခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် မိဘဆွေမျိုးများက ကျေးရွာသင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်ကြောင်း ရွာသားများက ပြောသည်။