လောင်းလုံးတွင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၊ (ဃ)ရပ်ကွက်၊ မြို့မရဲစခန်းအနီး စာသင်ကျောင်းရှေ့ရှိ စစ်ကောင်စီတပ်စစ်
ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အခြေခံ ပညာ အထက်တန်းကျောင်းဝင်းအတွင်း တပ်စွဲထားပြီး လမ်းသွားလမ်းလာများအား စစ်ဆေးရေးပြု
လုပ်ကာ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ဂိတ်ချ စစ်ဆေးနေ ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ခွဲ (၃) ထားဝယ်-ပကဖ နှင့် Guerrilla Dawei -ထားဝယ်မြို့ပြ‌ ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့ပြစစ်ဆင်ရေးအဖြစ် အလစ်ငိုက် သွားရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၂၁ရက်နေ့ ညနေပိုင်းမှာပင် ထားဝယ်ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထား
သည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက M-79 (၄၀ မမ) နှင့် လက်နက်ငယ်များ အသုံးပြု၍ ပစ်ခတ်ခဲ့ကြ
ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြပြီး နှစ်ဘက် အပြန်အလှန် တိုက်ပွဲ ၁၀ မိနစ်ခန့် အကြာ ဖြစ်ပွားခဲ့သည်ဟု ထားဝယ်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထားဝယ်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “သူတို့ဘက်က လက်နက်ငယ်နဲ့ ပြန်ပစ်တယ် လက်နက်ကြီးနဲ့ ပြန် ပစ်တာမျိုးတော့ မရှိဘူး။ ပစ်ခတ်နေတဲ့အချိန်မှာ လောင်းလုံး ရဲစခန်းဘက်က စစ်ကူတွေရောက်လာလို့ ပြန် ဆုတ် လာခဲ့တယ်” ဟု ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

သို့သော် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အဆိုပါ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ဝင်များမှ လမ်းသွားလမ်းလာသူများအား ထိုနေ့ နေ့လယ်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည် စစ်ဆေးနေသည်ကို တွေ့မြင်ရ သည်ဟု ဒေသခံများက ဆိုသည်။