စစ်ကောင်စီတပ်က နေအိမ်မီးရှို့၊ အရပ်သား အချို့ကို ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် အနောက်ဖက်ကမ်းရှိ ကျေးရွာများသို့ နယ်မြေရှင်းလင်းရန်ဟုဆိုကာ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်သည် ခမောင်းချောင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား အချို့ကိုလည်း ဖမ်းဆီးထားသည်ဟု ရွာသားများက ပြောသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ခမောင်းချောင်းကျေးရွာထိပ်ရှိ နေအိမ်အချို့ကို စတင် မီးရှို့ခဲ့ပြီးနောက် အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့်လည်း စစ်ကောင်စီတပ်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်။
ထို့နောက် ခမောင်းချောင်းနှင့် ဧကနိကျေးရွာအကြားရှိ နေအိမ်အချို့ကိုလည်း ညနေ ၃ နာရီခန့်တွင် ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြသေးကြောင်း ရွာသားများက ပြောသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ရေဖြူမြို့နယ် အနောက်ဖက်ကမ်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်း လမ်းအတိုင်း ကင်းတံတားကိုဖြတ်ကာ ဧကနိကျေးရွာနှင့် ခမောင်းချောင်းကျေးရွာများဘက်သို့ စစ်ကောင်စီ တပ်မှ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတောနှင့် ရငဲ စသည့် ကျေးရွာ များမှ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများပါဝင်သည့် အရပ်သားများသည် ရွာလုံးကျွတ် ဘေးလွတ်ရာ တောတောင်များထဲသို့ ရှောင်တိမ်းနေကြရသည်။
“ရွာထဲတွေမှာက လူတွေမရှိကြတော့ဘူး၊ စစ်ကြောင်းထိုးလာတယ် အသံကြားကတည်းက ပြေးနေကြရတာ၊ အမျိုးသမီးတချို့လည်း အဖမ်းခံထားရတဲ့အထဲ ပါနေတော့ မိသားစုဝင်တွေက စိတ်ပူနေကြတယ်” ဟု အသက် ၄၀ ခန့် အရွယ် ခမောင်းချောင်းရွာသားတစ်ဦးက ပြောသည်။
စစ်ကြောင်းထိုးလာသည့် လမ်းကြောင်းတွင် ဖမ်းဆီးခံရသည့် ရွာသားများထဲတွင် အချို့မှာ ပြန်လွတ်မြောက်လာ ခဲ့သော်လည်း ခမောင်းချောင်းရွာသား ၁၀ ဦးကျော်ကိုမူ ဆက်လက် ဖမ်းဆီးထားသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ ဧကနိနှင့် ခမောင်းချောင်းကျေးရွာတို့တွင် ကင်းပုန်းဝပ်ကာ စခန်းချ နေထိုင်လျက် ရှိနေသည်ဟု ရွာသားများက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ခမောင်းချောင်းကျေးရွာနှင့် တဆက်တည်းတွင် ရှိနေသည့် ဧကနိကျေးရွာ မှ နေအိမ် ၁၄ လုံးနှင့် ဝဇွမ်းတောကျေးရွာမှ နေအိမ် ၃လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည့် အပြင် အရပ်သားများကို ပစ်ခတ်မှုများကိုပါ ပြုလုပ်ခဲ့ကြသေးသည်။
စစ်ကောင်စီမှ နယ်မြေရှင်းလင်းရေးနှင့် စိုးမိုးရေးအတွက် ရေဖြူမြို့နယ်ရှိ ထားဝယ် အထူးစီးပွားရေးဇုန် ဒေသ အတွင်း ဩဂုတ်လမှစ၍ စက်တင်ဘာလအထိ မကြာခဏ စစ်ကြောင်းထိုးလျက်ရှိနေသည်။