ပလ တွင် လူ ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် နေထိုင်သူ အမျိုးသား ၅ဦး နှင့် အမျိုးသမီး ၁ ဦးတို့ကို စစ်ကောင်စီတပ်မှ နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ပလမြို့ အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်များတွင် နေထိုင်ကြသူ များကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့၊ ည ၇ နာရီခန့်က ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမှတ် ၃ ရပ်ကွက်နေထိုင်သူများက ပြော သည်။

ဖမ်းဆီးခံရသူများမှာ ဦးထွေးသိန်း အသက် ၅၅ နှစ်၊ ဦးနောင်မဲ အသက် ၅၀နှစ်၊ ဦးထွေးစိုး အသက် ၃၅ နှစ်၊ ကိုလတ် အသက် ၂၃ နှစ်၊ ကိုနိုင်မင်း အသက် ၂၁နှစ် နှင့် ဒေါ်သီတာမွှေးတို့ စုစုပေါင်း ၆ ဦး ဖြစ်သည်။

“ညဦးပိုင်းမှောင်ခါစပဲ ရှိသေးတာ။ အဖမ်းခံရတဲ့သူတွေ အားလုံးက အနေအေးပြီး ငွေကြေးရှိတဲ့သူတွေပဲ ဖြစ် နေတယ်။ ငွေညှစ်ဖို့ပဲဖြစ်နိုင်တယ်” ဟု ပလမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ပလမြို့ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားပြီး စက်တင်ဘာလ ၂၄ ရက်နေ့ထိ မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့် မပေးသေးတာကြောင့် စိုးရိမ်စိတ်ပူနေကြရသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ သာမန်အရပ်သားများကို ဖမ်းဆီးကာ တစ်ဦးလျှင်ငွေကျပ် ၅ သိန်းမှ သိန်း ၅၀ ဝန်းကျင်အထိ ငွေညှစ်တောင်းခံလေ့ရှိနေကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း လက္ကူးကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ပိတပ်ကျေးရွာသား ၉ ဦးကို ဖမ်းဆီးပြီး တစ်ဦး ငွေ ၅သိန်း တောင်းယူကာ ပြန်လွှတ်ပေးခဲ့သေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ လုံခြုံရေး တင်းကြပ်ထားကာ ပလမြို့အတွင်း ကင်းပုန်းဝပ် ကင်းလှည့်ခြင်းများ ကိုလည်း အချိန်ပုံမှန်မရှိဘဲ နေ့စဥ်လုပ်ဆောင်နေသည်ကြောင်း မြို့ခံများက ပြောသည်။