လက်နက်ကြီးကျသဖြင့် ကျွန်းစုမြို့နယ်အတွင်း ရွာလုံးကျွတ် ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ပြင်ဝန်းကျေးရွာပေါ် သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်း ကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးကာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟု တွဲလက်ညီညီ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် ခမရ – ၅၅၆ တပ် ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃ လုံး၊ တနင်္သာရီမြစ် အနောက်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ်၊ ပြင် ဝန်းကျေးရွာပေါ် သို့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခြင်းသာ ဖြစ်ပြီး မြိတ်-တနင်္သာရီ သွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဇဝဲကျေးရွာနှင့် တနင်္သာရီမြစ်ခြားထားသည့် ပြင်ဝန်းကျေးရွာသို့ ယခုကဲ့သို့ လက်နက်ကြီးကျည် တစ်ကြိမ်မှ မကျရောက်ဖူးသေးကြောင်း ရွာသားများက ပြောသည်။
“ရွာထဲမှာ အသက်ကြီးပိုင်းတချို့ပဲ ကျန်ခဲ့တယ်။ တော်တော်များများက နီးစပ်ရာ ဘေးလွတ်မယ်ထင်တဲ့ နေရာ တွေကို ထွက်ပြေးနေကြရတယ်။ လောလောဆယ်ကောက်ယူလို့ရတဲ့ စာရင်းအရတော့ လူဦးရေ ၆၀ကျော်ရှိနေ တယ်” ဟု တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
နေအိမ်အချို့ ပျက်ဆီးသွားကာ လူထိခိုက်ဒဏ်ရာရခြင်းမျိုး မရှိခဲ့သော်လည်း လက်ရှိတွင် စစ်ဘေးရှောင်နေကြ သူများ အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း တွဲလက်ညီညီ စစ်ရှောင် ကူညီရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ဇဝဲကျေးရွာ အခြေစိုက် ခမရ- ၅၅၆ တပ်ရင်းအတွင်းသို့ မြိတ်ခရိုင် တပ်ရင်း ၂ နှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီးများဖြင့် ၂ကြိမ်ပစ်ခတ်တိုက်
ခိုက်ခဲ့သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဇဝဲတပ်ရင်း တိုက်ခိုက်ခံရပြီးနောက် မှော်တုန်းအနောက်ကမ်းနှင့် ဖာနီကျေးရွာများဖက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သေးကြောင်း ရွာသားများက ပြောသည်။