ကော့သောင်းတိုက်ပွဲကြောင့် ဒုက္ခသည် တစ်ရာခန့် ထိုင်းဘက်သို့ ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
ကော့သောင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံတစ်ရာနီးပါး ထိုင်းဘက်အခြမ်းသို့ ထွက်
ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်များအား သွားရောက် ကူညီပေးနေသည့်အဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ကော့သောင်းမြို့နယ် မလိဝမ်းစံပြကျေးရွာအနီး စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ ကီလို ၃၀ နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများနှင့်အတူ နယ်မြေရှင်းလင်းရေးအတွက် စစ်ကောင်စီက ထပ်မံ စစ်ကြောင်း ထိုး လှုပ်ရှားနေမှုများကြောင့် ခမောက်ကြီးမြို့အနီးရှိ ချောင်းဝကျေးရွာမှ ရွာသားအချို့လည်း စိုးရိမ်ကြောက် လန့်ပြီး ထိုင်းဘက်ခြမ်းသို့ ကြိုတင်ရှောင်တိမ်းခဲ့ကြသေးကြောင်း ဒေသခံများက ဆိုသည်။
တိုက်ပွဲဖြစ်ပွားခဲ့ရာသို့ စစ်ကူရန်လာသည့် စစ်ကောင်စီတပ်မှ ပါချန်မြစ်ကြောင်းမှ တဆင့် မလိဝမ်းချောင်း တလျှောက် ရေလမ်း၊ ကုန်းလမ်းများကို အသုံးပြုကာ ညနေ ၃ နာရီကျော်ခန့်အထိ စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။
“လောလောဆယ်မှာ ကလေး လူကြီး လူ၁၀၀နီးပါးရှိတယ်၊ လူတွေကထပ်တိုးလာနေတာမို့ စာရင်းအတိအကျ ပြောလို့မရသေးဘူး၊ ကလေးတွေများတယ်၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်၊ ရိက္ခာပစ္စည်းမပြည့်စုံပေမဲ့ ရှိတာတွေကိုတော့ မျှတပြီးဝေခြမ်းပေးထားတယ်” ဟု စစ်ရှောင်များကူညီပေးရေးအဖွဲ့ တာဝန်ရှိသူက ပြော
သည်။
မိုးတွင်းကာလဖြစ်သည့်အလျောက် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အနွေးထည်နှင့် ဆေး ဝါးပစ္စည်းများ အဓိက လိုအပ်လျက်ရှိနေခြင်းကြောင့် ကူညီအလှူဒါန်းပေးနိုင်မည့် အလှူရှင်များကို ရှာဖွေနေရ သည်ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က ခမောက်ကြီးမြို့မှ စစ်ကောင်စီသတင်းပေး ဦးခင်မောင်ထွေးနှင့် ဦးကျော် သန့်ဇင် တို့ နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီမှ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ခမောက်ငယ်၊ ချောင်းဝ၊ မလိဝမ်း စသည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့စဥ်ကလည်း မလိဝမ်းကျေးရွာ အရောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ရှောင်တိမ်းခဲ့ကြရသေးသည်။