လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံခဲ့ရကြောင်း ရွာသားများကပြောသည်။
စစ်ကောင်စီတပ် နှင့် ပျူစောထီးများ ပူးပေါင်းကာအင်အား ၂၀ ခန့်ဖြင့် ကျောက်နီမော်ကျေးရွာရှိ စက်ရုံဟောင်းအတွင်း အထိုင်ချတပ်စွဲထားသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီး လက်နက်ငယ်များနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်မှ နံနက် ၈ နာရီကျော် အချိန်ထိ အချိန်သုံးနာရီကျော် အကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။
ကျောက်နီမော်ရွာသားတစ်ဦးက “စခန်းကိုဝိုင်းထားပြီး အနီးကပ်ဝင်စီးတာ၊ တိုက်ပွဲက တော်တော် ကြမ်းတယ်။ စစ်တပ်က ရွာထဲဘက် ဆုတ်လာတော့ အိမ်တွေအနား တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီး ကျည်တွေ လာကျတယ်၊ ရွာသားတွေ ထိခိုက်တာမျိုးတော့ မကြားရသေးဘူး” ဟု ပြောသည်။
ရွာသားအချို့ နေအိမ်များအတွင်း ပုန်းခိုနေကြရပြီး အများစုမှာ နီးစပ်ရာ ဘေးလွတ်နိုင်မည်ထင်သည့် နေရာများသို့ ညနေပိုင်းအချိန်ထိ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ကျောက်နီမော်ရွာသားတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန် နံနက် ၈ နာရီ အချိန်ခန့်တွင် စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော ရောက်ရှိလာပြီး လက်နက်ကြီးများ၊ စက်လက်များဖြင့် ပစ်ကူခဲ့သေးသည့်အပြင် ထားဝယ်မြို့မှ စစ်ကူ ဆင်းလာနေသည့်ဆိုသော သတင်း များကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြရသည်ဟု ရွာသားများက ဆိုသည်။
ယနေ့အချိန်ထိလည်း ထိုနေရာအနီးတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ရွာသားများကလည်း အခြေအနေကို စောင့်ကြည့်နေကြသည်။
ကျောက်နီမော်ကျေးရွာသည် ထားဝယ်မြစ်ဝတွင် တည်ရှိပြီး ဒေသအတွင်း ထင်ရှားသည့် ရှေးဟောင်းသမိုင်းဝင် မြတ်ရှင်မော်ဘုရား သွားရာလမ်းပေါ်၌ တည်ရှိကာ ထားဝယ်မြို့မှ ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့် သွားလာနိုင် သည့် ကျေးရွာတစ်ရွာ ဖြစ်သည်။
လောင်းလုံးမြို့နယ် အောက်ပိုင်းသို့ နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုးမည့် လှေ၊ သင်္ဘောများ အချိန်အခါမရွေး ဝင်ထွက်ဆိုက်ကပ်နိုင်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်မှ အထိုင်ချတပ်စွဲထားပြီး စစ်ဆေးရေးဂိတ် လည်း ချထားသည်။