ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရပြီးနောက် ဒေသခံ ၁၈ ဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့က ပျူစောထီး ခေါင်းဆောင် ပစ်သတ်ခံရပြီးနောက် ၃ ရက် အတွင်း ဒေသခံ ၁၈ ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ဒေးဒရဲမြို့ခံများက ပြောသည်။
ဒေးဒရဲမြို့၊ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သည့် မြို့နယ်ပျူစောထီး ခေါင်းဆောင် ကျော်စိုး (ခေါ် ) ကြက်ဖကြီး ပစ်သတ်ခံရကာ ပျူစောထီး ၁ ဦး၊ စစ်သား ၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အတွင်း ဒေသခံများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“တွေ့သမျှ ထင်ရာ မြင်ရာတွေကို သိမ်းကျုံးဖမ်းတာ ခုထိ ဘယ်သူမှ ပြန်မလွတ်သေးဘူး။ ပြန်မလွှတ်သေးဘူး။ မဆိုင်တဲ့သူတွေကို သေသွားတဲ့ ပျူကောင် ရက်လည်ပြီးရင် ပြန်လွှတ်မယ်လို့တော့ တချို့ကပြောတယ်။ ဒါပေ မယ့် ငွေမပေးရင် လွှတ်ပေးမယ် မထင်ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
ဒေးဒရဲ ပျူစောထီး ခေါင်းဆောင် ကျော်စိုးသည် စက်တင်ဘာ ၃၀ ရက်နေ့၊ ည ၉ နာရီကျော် အချိန်ခန့်က ပစ် သတ်ခံရခြင်း ဖြစ်ပြီး ဒေးဒရဲ ရဲစခန်းအနီး အောက်တိုဘာ ၁ ရက်နေ့၊ နံနက် စောစောပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခုလည်း ဖြစ်ပွားခဲ့ရာ အဆိုပါ ဗုံးပေါက်ကွဲမှုအပြီး ဒေသခံများကို စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
မြစ်တွင်းက စက်လှေသမားများ၊ အမှတ် ၂ ရပ်ကွက်က လူငယ်များ၊ အခင်းဖြစ်နေရာအနီးက ဖုန်းဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာ သုံးစွဲသူများ နှင့် မြစ်တစ်ဖက်ကမ်းက ကျုံပုတ်ကျေးရွာသားအချို့ အဖမ်းခံထားရခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့အား ရိုက်နှက် နှိပ်စက်မှာကို အဖမ်းခံထားရသူများ၏ မိသားစုဝင် များက စိုးရိမ်နေကြသည်။
“စစ်တပ် နဲ့ ရဲ ဆိုတဲ့ ကောင်တွေက ဟုတ်တာ မဟုတ်တာ နောက်ထား ရိုက်ဖို့နှက်ဖို့ လောက်ပဲ တတ်တဲ့ ကောင် တွေလေ။ အဲတော့ မိသားစုတွေ က စိတ်ပူပန် နေကြတာပေါ့။ တကယ်ပစ်သွားတဲ့ သူတွေက စက်လှေနဲ့ မောင်း ပြေးပြီး လွတ်သွားတယ်” ဟု အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး က ပြောသည်။
သေဆုံးသူ ပျူစောထီး ခေါင်းဆောင် ကျော်စိုးက ၎င်း၏ အဖေါ် အမျိုးသမီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရွေးခဲ့သူ မသဇင်ထွန်းကို ပြည်တော်သာလမ်းက အိမ်သို့ ပြန်ပို့ပြီး စစ်ကောင်စီ လှည့်ကင်းအဖွဲ့ နှင့် ရှေ့ဆုံးက လိုက်လာပါစဉ် လမ်းမတော် ကမ်းနားလမ်း အကွေ့မှာ ပစ်ခတ်ခံရ သည်ဟု မြို့ခံအချို့က ပြောသည်။
သေဆုံးသူ ပျူစောထီး ခေါင်းဆောင် ကျော်စိုးသည် ၎င်း၏ ပျူစောထီးအဖွဲ့ဝင်များက စစ်ကောင်စီ တပ်ဖွဲ့များ နှင့်အတူ ကင်းလှည့်သည့်အခါ ဓါးများ ကိုင်ဆောင်ပြီး ပါဝင်ဆောင်ရွက်ကြသဖြင့် ၎င်း၏ ပျူစောထီး အဖွဲ့ကို ဓါးမင်းသားအဖွဲ့ဟု အမည်ပေးထားသည်။
ထို့အပြင် သေဆုံးသူ ပျူစောထီးခေါင်းဆောင် ကျော်စိုးနှင့်အဖွဲ့သည် ဒေသခံများထံမှလည်း အကြပ်ကိုင်ငွေ တောင်း အနိုင်ကျင့်ခြင်း၊ လောင်ကစားဒိုင်ဖွင့်ခြင်း၊ တော်လှန်ရေး အင်အားစုများ၏ သတင်းကို ထောက် လှမ်းစုံစမ်း သတင်းပေးခြင်းတို့ကို လုပ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံများကို ဒုက္ခမျိုးစုံပေးနေသော ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရကာ သေဆုံးသွားမှုနှင့် ပတ်သက်ပြီး ဒေးဒရဲဒေသ၊ ပြည်သူ့ကာကွယ် အဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု အောက်တိုလာ ၃ ရက်နေ့ က သတင်း ထုတ်ပြန်ခဲ့သည်။
ဒေးဒရဲ မြို့ခံအများစု၏ ပြောပြချက်အရ ကင်းလှည့်လာသည့် စစ်ကောင်စီအဖွဲ့ နှင့် ဒေးဒရဲ ပြည်သူ့ ကာကွယ် ရေးအဖွဲ့တို့ စက်တင်ဘာ ၃၀ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်က ဒေးဒရဲမြို့ လမ်းမတော် ကမ်းနားလမ်း အကွေ့တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကာ သေနတ်သံ အချက် ၂၀ ကျော် ကြားခဲ့ရပြီး ပျူစောထီးခေါင်းဆောင် ကျော်စိုး သေနတ်ကျည် ၆ ချက် ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။