ဧရာဝတီတိုင်းအတွင်း စားအုန်းဆီ ပြတ်လပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
ဧရာဝတီတိုင်း အတွင်း စစ်ကောင်စီ နှင့် ဆီကုန်သည်ကြီးများက ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီ ပြတ်လပ် မှု ဖြစ်ပေါ် နေသည်ဟု စားသုံးဆီ အမျိုးမျိုး ရောင်းချသူများက ပြောသည်။
စစ်ကောင်စီသည် စက်တင်ဘာလ နောက်ဆုံးပတ် အတွင်းက လက်လီဆိုင်များကို တစ်ပိဿာ ကျပ် ၄၅၀၀ ဈေး ဖြင့် စားအုန်းဆီ နှစ်ပေပါစီ ခွဲတန်းချပေးပြီး တစ်ပိဿာ ကျပ် ၄၈၀၀ ဈေးဖြင့် ပြန်လည်ရောင်းချရန် ရောင်းဈေး နှုန်း သတ်မှတ်ကာ ဖိအားပေး ရောင်းချခိုင်းခဲ့ပြီးနောက် စားအုန်းဆီ ပြတ်လပ်လာခြင်း ဖြစ်သည်။
“စားအုန်းဆီကို လိုသလောက် ဝယ်လို့ မရတော့ဘူး။ စားအုန်းဆီ တစ်ဆယ်သား ဝယ်ရဖို့ကို တခြား အာလူး၊ ကြက်သွန်၊ ငရုတ်၊ အချိုမှုန့် အမယ် နှစ်မျိုးလောက်နဲ့ တွဲဝယ်မှ ရောင်းပေးတယ်။ ဒါတောင် မျက်နှာသိမှ ဝယ် လို့ ရတယ်။ ဝယ်လို့ မရတဲ့ အခါကများတယ်” ဟု အိမ်ရှင်မတစ်ဦး က ပြောသည်။
စားသုံးဆီ အမျိုးမျိုး လက္ကား ရောင်းချနေသည့် ဒိုင်ကြီးများမှာ စားအုန်းဆီ ပြတ်လပ်နေခြင်းကြောင့် လက်လီ ကုန် စုံဆိုင်များကို ခွဲတန်း အကန့်အသတ်ဖြင့် ဖြန့်ဝေနေရဖြစ်ပြီး လက်လီဆိုင်များကလည်း စားသုံးများကို လူတစ်ဦး တစ်ဆယ်သားနှုန်းသာ ရောင်းချပေးနိုင်သည်ဟု ကုန်စုံဆိုင်ပိုင်ရှင်များက ပြောသည်။
စစ်ကောင်စီနှင့် လက္ကားရောင်းချသော စားသုံးဆီ ဒိုင်ကြီးများက လက်လီဆိုင်များကို ဆီခွဲတန်း ပုံမှန်ချမပေး နိုင်ခြင်းကြောင့်လည်း စားသုံးသူများ၊ သုံးစွဲသူများ အနေဖြင့် စားအုန်းဆီကို လိုသလောက် ဝယ်ယူ၍ မရနိုင် ဖြစ်နေကြသည်ဟု ဆိုသည်။
ထို့ကြောင့် ဆီကြော် မုန့်မျိုးစုံ ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းအချို့နှင့် အကြော်အလှော် မျိုးစုံရောင်းချသော လုပ်ငန်းအချို့ ရပ်ဆိုင်းထား ရသည်ဟု မြောင်းမြမြို့ရှိ ဆီကြော် မုန့်မျိုးစုံ ထုတ်လုပ် ရောင်းချသူများက ပြော သည်။
ပုသိမ်မြို့၊ ကမ်းနားလမ်း ရေပေါ်ညဈေးတွင် အကြော်မျိုးစုံ ရောင်းချသူတစ်ဦးက “ကျနော်တို့က စားအုန်းဆီ နဲ့ ကြော်လှော်ချက်ပြုတ် ရောင်းချသူတွေပါ။ စားအုန်းဆီ ဝယ်မရတော့ ဘယ်လို လုပ်စားရမှန်းတောင် မသိတော့ ဘူး“ ဟု ပြောသည်။
ဧရာဝတီတိုင်းတွင် ပဲဆီ၊ နေကြာဆီနှင့် နှမ်းဆီ အများအပြား ထုတ်လုပ်နေသာ ကျောင်းကုန်း၊ ဟင်္သာတ၊ လေး မျက်နှာနှင့် ရေကြည်မြို့နယ်တို့ဘက်က ဆီကုန်သည် အချို့၏ ပြောပြချက်အရ စစ်ကောင်ဆီက စားသုံးဆီများ ကို တစ်နယ်နှင့် တစ်နယ် သယ်ဆောင်ခွင့် ပိတ်လိုက်ခြင်းကြောင့်လည်း ကုန်စည် စီးဆင်းမှု ရပ်သွားပြီး ကုန်စည် ပြတ်လပ်မှုနှင့် ကုန်ဈေးမြင့်တက်မှုများ ဖြစ်လာရသည်ဟု သိရသည်။
စားအုန်းဆီကို အခြေခံ လူတန်းစားအများစုနှင့် ဆီကြော် မုန့်လုပ်ငန်းလုပ်သည့်သူ အများဆုံး သုံးစွဲကြပြီး ပဲဆီ၊ နှမ်းဆီ၊ ဟင်းသီးရွက်ဟင်းရွက်နှင့် ထိုင်းနိုင်ငံက တင်သွင်းတဲ့ မေဇင်၊ ဂွတ်ဒီ၊ ပုဇွန်နှစ်ကောင် တံဆိပ်ဆီများကိုမူ ငွေကြေး ပြေလည်သည့် သူများက သုံးစွဲကြသည်ဟု စားသုံးဆီ အမျိုးမျိုးရောင်းချသည့် ဈေးကွက်မှ သိရသည်။
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် အောက်တိုဘာလ ၂ ရက်နေ့ စားသုံးဆီဈေးနှုန်းများမှာ စားအုန်းဆီ တစ်ပိဿာ ၇၅၀၀ ကျပ်၊ ပဲလတ်ဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ မြေပဲဆီ နှမ်းဆီ တစ်ပိဿာ ၁၆၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေသည်။
ထို့အပြင် ထိုင်းနိုင်ငံမှ တင်သွင်းသော ဟင်းသီးဟင်းရွက်ဆီ၊ ပုဇွန်နှစ်ကောင် တံဆိပ်ဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် ဖြစ်ပြီး မေဇင်နှင့် ဂွတ်ဒီ တံဆိပ်ဆီများမှာမူ တစ်ပိဿာကို ၁၁၀၀၀ ကျပ်ကျော်နှင့် အရောင်းအဝယ် ဖြစ်နေသည်။