စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်။
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်းကနေ ပစ်ခတ်လိုက် သည့် လက်နက်ကြီး ကျည်ထိမှန်ပြီး မြို့ဟောင်းရွာသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြော သည်။
စစ်ကောင်စီ၏ အမတ – ၃၀၆ တပ်ရင်းမှ တပ်ရင်းအနီးတဝိုက်ရှိ မြို့ဟောင်း၊ ထုံနွယ်အရှေ့စု၊ အနောက်စုနှင့် အနောက်မော်တုန်းကျေးရွာများဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ က ဆိုသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် မြို့ဟောင်းကျေးရွာ မှ နေအိမ်တစ်ဆောင်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲခဲ့ပြီး နေအိမ်ထဲတွင် ရှိနေသည့် ဘိုင်လာဖွီဒင် ၂၁ နှစ် ဆိုသူ၏ ခေါင်းကို ကျည်ထိမှန်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“ကံဆိုးတယ်ပြောရမှာပေါ့၊ ခေါင်းတည့်တည့်ကိုထိပြီး ပွဲချင်းပြီးဆုံးတာ၊ သူ့မိန်းမမှာလည်း ကျည်စတွေထိ သေး တယ်၊ ပွန်းပဲ့ရုံလောက်ပဲ မစိုးရိမ်ရပါဘူး” ဟု ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးခဲ့သည့် မြို့ဟောင်းကျေးရွာသည် ကိုက် ၃၀၀ ခန့်သာကွာဝေးသည့် အမြောက်တပ်ရင်း၏ မျက်နှာချင်းဆိုင် အရှေ့တွင် တည်ရှိသည်။
ထိုပစ်ခတ်မှုကို အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်ကနေ ည ၉ နာရီကျော် ခန့်အထိ စစ်ကောင်စီ က လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး အချက်ရေ ၃၀ ထက်မနည်းကို ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီအမြောက်တပ်ကနေ ပစ်ခတ်ခဲ့သည့် ၁၂၀ မမ လက်နက်ကြီးကျည်များသည် အနောက်မော်တုန်း ကျေးရွာဘက်သို့ ဆက်တိုက်ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုများအပြင် ကွမ်းသီးပင်များ ရာနှင့်ချီ ထိခိုက် ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
အနောက်မော်တုန်းကျေးရွာ အပါအဝင် လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် ကျေးရွာများမှ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဒေသခံများက ဆိုသည်။
တနင်္သာရီတိုင်း အတွင်းတွင် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ပုလောနှင့် တနင်္သာရီမြို့နယ်များ အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုများကို ယခုနှစ်အတွင်း မကြာခဏ ပြုလုပ်မှုကြောင့် နေ အိမ်ပျက်စီးခြင်းများနှင့် လူထိခိုက်သေဆုံးခြင်းများမှာလည်း လစဥ်နီးပါး ရှိနေခဲ့သည်။