စစ်ကော်စီတပ်က အရပ်သား နေအိမ်များအား မီးရှို့ ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ တပ်က နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်။
သရက်ချောင်းမြို့နယ်ထဲက ရငဲရွာကို နယ်မြေစိုးမိုးရေးနဲ့ ရှင်းလင်းရေး အတွက်ဆိုပြီး စစ်ကောင်စီတပ်က စစ် ကြောင်းထိုး ဝင်ရောက်လာသည့် အချိန်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် မိနစ် ၃၀ နီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နေအိမ်များ ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု အသက် ၄၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။
“သေနတ်သံတွေရော လက်နက်ကြီးသံတွေရော ကြားနေရတယ်၊ သိပ်မကြာဘူး ရွာအလယ်ပိုင်းက အိမ်တွေ
မီးရှို့ခံရတာ၊ မီးခိုးလုံးတွေတက်နေတာ မြင်နေရတယ်” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရသည်ဟု ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုနှင့် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေး တင်းမာနေသည့်အတွက် ရငဲကျေးရွာနှင့် အနီးဝန်းကျင်က ဝဲရစ်၊ ကမြိုင်၊ ကျောက်ခမော် စသည့် ကျေးရွာများက ဒေသခံများကလည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံတစ်ဦးက “ရွာထဲမှာက လူတွေမရှိကြဘူး၊ အားလုံး စစ်ရှောင်နေကြရတာ“ ဟု ပြောသည်။
စစ်ကောင်စီတပ်က ရငဲကျေးရွာက အိမ်များကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ ၃ ကြိမ်၊ အောက်တိုဘာလ ၉ ရက်နေ့ထဲမှာ ၁ ကြိမ်နှင့် ယခုတစ်ကြိမ် အပါအဝင် ၅ လအတွင်း ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ဖြစ်ပြီး မီးလောင် ပျက် စီးသွားတဲ့ အိမ်စုစုပေါင်း ၁၂ ဆောင်ထက်မနည်း ရှိပြီလို့ ရွာသားများက ပြောပါတယ်။
စစ်ကောင်စီမှ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကတည်းက ရငဲရွာ နှင့် ကနက်သီရီကျေးရွာတို့ကို စစ်ကြောင်းထိုး ပြီး နောက် ရငဲကျေးရွာ မြွေတောင်တွင် ဘန်ကာများ တည်ဆောက်ကာ လက်ရှိအချိန်ထိ အခိုင်အမာ တပ်စွဲထား သည်ဟု ဆိုသည်။
သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်မှ မကြာခဏ စစ်ကြောင်းထိုးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့သည့်အပြင် စျေးဆိုင်၊ ဖုန်းဆိုင်နှင့် စစ်ဘေးရှောင်များ၏ နေအိမ်အများအပြားကို ဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းများ ခိုးယူခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်ဟု ရွာသားများက ပြောသည်။