မြိတ်၊ထားဝယ်တွင် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
ထားဝယ်နှင့် မြိတ်မြိုတို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဗဟိုမှ တာဝန်ရှိသူများက ဒေသခံလုပ်ငန်းရှင်များနှင့် ပါတီဝင်များကို လာရောက်တွေ့ဆုံပြီး စည်းရုံးဆွေးနွေးသွားခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့မှ ထားဝယ်မြို့ရှိ ပါတီဝင်များအားတွေ့ဆုံခဲ့ ပြီး၊ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပါတီထောက်ခံသူများကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထားဝယ်မြို့ခံ ဝါရင့်နိုင်ငံရေး သမားတစ်ဦးက “မင်းအောင်လှိုင်ပြောထားတဲ့ ရွေးကောက်ပွဲ ဘယ်ဆီမှန်းတောင် မသေချာ မရေရာသေးဘူး၊ အခုက လက်ဦးမှုရယူတဲ့ သဘောနဲ့ စည်းရုံးရေးလိုက်ဆင်းနေတာ” ဟု ပြောသည်။
စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် ယခုကတည်းက ကြိုတင်ပြီး စည်းရုံးရေးဆင်းနေခြင်းသာ ဖြစ် သုံးသပ်ဝေဖန်နေကြသည်။
အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့ရှိ လုပ်ငန်းရှင်များနှင့် USDP ပါတီဝင်များကို တွေ့ဆုံခဲ့ပြီး ၁၉ ရက်နေ့တွင် မြိတ်မြို့၌ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိ နိုင်ငံရေး အခြေ အနေများ၊ ဒေသအကျိုးစီးပွားနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများတွင် ပြည်
ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့ဖူးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများကို အသစ်ပြန်လည်၍ မှတ်ပုံတင် ပြန်တင်ခိုင်းခဲ့ရာတွင် တစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် အတွက် USDP ပါတီမှ ပြန်လည် မှတ်ပုံတင်ထားသည်။
တနင်္သာရီတိုင်းအတွင်း ဝင်ရောက်ယှဥ်ပြိုင်ရန် စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ထံ USDP ပါတီ အပါအဝင် ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ အမျိုး သားဒီမိုကရေစီ အင်အားစုပါတီ(NDF)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ အမျိုးသမီးပါတီ (မွန်) နှင့် မွန်ညီညွတ်ရေးပါတီ စသည့် ပါတီ ၈ ပါတီတို့က မှတ်ပုံတင်ထားကြသည်။