စစ်ကောင်စီ ဖမ်းသွားသော ရွာသား၊ အလောင်းသာ ပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း နယ်မြေ ရှင်းလင်းရေးနှင့် စိုးမိုးရေးအတွက် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ရွာသားတစ်ဦး၏ အလောင်းကိုသာ ပြန်တွေ့ခဲ့သည်။
အဆိုပါ ရွာသားအား သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းကျေးရွာ ပင်လယ်ကမ်းခြေတွင် မြေမြုပ်ထားသည့် အလောင်းကိုသာ ပြန်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
“အလောင်းကိုပြန်ဖေါ်ကြည့်တာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေတော့ မတွေ့ရဘူး၊ ခေါင်းမှာကြေမွနေ အောင် ရိုက်ထားတဲ့ ဒဏ်ရာတွေပဲ တွေ့ရတယ်၊ သူနဲ့အတူ အဖမ်းခံရတဲ့ နှစ်ယောက်ကတော့ ပြန်လွတ်လာပြီး အတော်လေး အရိုက်နှက်ခံထားရတယ်လို့ ကြားရတယ်” ဟု အသက် ၃၅ နှစ်အရွယ် ကျွဲမင်းကုန်းရွာသား တစ်ဦးက ပြောသည်။
အသတ်ခံထားရသူမှာ ရငဲကျေးရွာ၊ ကွက်သစ်ပိုင်းတွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် ကိုညီကမ်းဆိုသူ ဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့က ကျောက်ခမောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်နှင့် လမ်းတွင်တွေ့ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုနေ့မှာပင် စစ်ကောင်စီတပ်မှ ကိုညီကမ်း အပါအဝင်နောက်ထပ်အမျိုးသားနှစ်ဦးလည်း ကြိုးတုပ်ကာဖမ်းဆီး
သွားခဲ့သည်ဟု မြင်တွေ့ခဲ့ရသူ ရွာသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်မှ မြေမြုပ်ထားခဲ့သည့် ကိုညီကမ်း၏ အလောင်းကို ကျွဲမင်းကုန်း ရွာသားများက အောက်တို
ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက လက်နောက်ပြန် ကြိုးတုတ်လျက် ရိုက်နှက်နှိပ်စက်ထားသည့်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကိုညီကမ်း၏ ရုပ်အလောင်းကိုတူးဖေါ်ကြည့်ပြီးသည့်နောက် မိသားစုဝင်များ၏ ဆန္ဒအရ ရပ်ရွာလူကြီးများနှင့် တိုင်ပင်ကာ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှာပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ကိုညီကမ်းအပါအဝင် ရွာသားသုံးဦးကို ဖမ်းဆီးခဲ့သည့်နေ့မှာပင် ကျောက်ခမောက်ကျေးရွာမှ နေအိမ်တစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့အပြင် ကျွဲမင်းကုန်းကျေးရွာမှ နေအိမ်နှစ်ဆောင်ကိုလည်း အောက်တိုဘာ ၂၅ ရက်နေ့တွင် ရိုက်ဖြိုကာ ဖျက် ဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကမြိုင်ကျေးရွာသို့ စစ်ကောင်စီ စစ်ကြောင်းရောက်ရှိနေပြီး ရွာ
သားများလည်း ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရသည်။