တအာင်းဥပဒေ အကယ်ဒမီကျောင်းရဲ့ ပထမအကြိမ် ကျောင်းဆင်းပွဲ ပြုလုပ်
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်။
တအာင်းဥပဒေအကယ်ဒမီကျောင်း၏ ပထမဦးဆုံးအကြိမ် သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ကျောင်းသူ/သား ၃၃ ဦး ကို ဥပဒေ ဒီပလိုမာဘွဲ့ ပေးအပ်ခဲ့သည်။
တအာင်းဥပဒေ အကယ်ဒမီကျောင်းကို တအာင်းဒေသတွင်း တစ်နေရာတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် အတွင်း စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တအာင်း ဥပဒေ အကယ်ဒမီကျောင်း ဒါရိုက်တာ မိုင်းမျိုးအောင်က “အင်တာနက်လိုင်းနဲ့ လမ်းခရီး အခက်ခဲတွေ ကြောင့် သင်ကြားရမယ့် ဘာသာရပ်တွေ၊ ဆရာတွေ စီစဉ်ထားတဲ့ အတိုင်း အပြည်အဝတော့ မရရှိခဲ့ဘူး“ ဟု ပြောသည်။
တအာင်း ဥပဒေ အကယ်ဒမီကျောင်းဆင်းပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ကြခြင်း ဖြစ်သည်ဟု ကိုမျိုးအောင်က ပြောသည်။
အဆိုပါ တအာင်းဥပဒေ အကယ်ဒမီကျောင်းကို တအာင်းဒေသတွင်းရှိ နေရာပေါင်းစုံမှ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၉ ဦး၊ စုစုပေါင်း ၃၃ ဦးတို့ တက်ရောက်ခဲ့ကြသည်။ ကျောင်းသူ/သား ၂၂ ဦးကို ဥပဒေ ဒီပလိုမာဘွဲ့ ပေးအပ်ခဲ့သည်။
တအာင်းဒေသတွင်းက နေရာတစ်ခုတွင် ကျောင်းဖွင့်ခဲ့ခြင်း ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအပြင် အင်တာနက် လိုင်း လိုအပ်ချက်များ၊ အခြားသော လိုအပ်ချက်များ ရှိခဲ့သော်လည်း ကျောင်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ သည်ဟု မိုင်းမျိုးအောင်က ပြောသည်။
ထို့အပြင် တအာင်းလူထု၏ အားပေးကူညီမှုများအပြင် အခြားသော ဥပဒေပညာရှင်များကပါ အခက်အခဲများ ကြားမှ လာရောက် ကူညီ သင်ကြားပေးခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ ကောင်းမွန်စွာ သင်ကြားပို့ချ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သင်တန်းတက်ရောက် အောင်မြင်ခဲ့သူများ အနေဖြင့် မိမိတို့ တအာင်းလူထုအတွက်သာမက သက်ဆိုင်ရာ အဖွဲ့ အစည်းများတွင် ဥပဒေနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပြီး တအာင်းဥပဒေ အထောက်အကူပြု အဖွဲ့ (TLA) တွင်လည်း ပြန်လည်တာဝန် ထမ်းဆောင်ကြမှာ ဖြစ်သည်။
တအာင်းဥပဒေ အကယ်ဒမီကျောင်း ဒုတိယအသုတ်ကိုမူ လာမည့် နိုဝင်ဘာလတွင် ကျောင်းလျှောက်လွှာ (ဖောင်) များ စတင်ဖြန့်ဝေမှာ ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန် (သို့မဟုတ်) ဖေဖော်ဝါရီလဆန်းတွင် ပြန်လည်ဖွင့်လှစ် နိုင်ရေး စီစဉ်ထားသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။