ထိရောက်စွာ အပြစ်ပေး အရေးယူမည့်သူမရှိ၍ စစ်တပ်က လူထုကို ရန်သူသဖွယ် ပိုမိုပြစ်မှတ်ထားတိုက်ခိုက်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။

စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်သည့် အပြစ်ပေး အရေးယူ မှုများ မလုပ်ဆောင်ဘဲ လက်ပိုက်ကြည့်နေသည့်အတွက် အရပ်သားပြည်သူများကို စစ်ကောင်စီက ရန်သူသဖွယ် ပိုမို ပစ်မှတ်ထား တိုက်ခိုက် လာနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အရပ်ဖက် အဖွဲ့အစည်းများ က ထောက်ပြပြောဆိုထားသည်။

လက်ရှိ နိုင်ငံတကာက မြန်မာနိုင်ငံအပါ် သဘောထားနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ -WLB) ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ယခုကဲ့သို့ ပြောသည်။

“ဒီအခြေအနေကတော့ အင်မတန်မှ လက်မခံနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်တဲ့အပြင် နိုင်ငံတကာရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ပြန်ပြီးတော့ သုံးသပ်ရမယ့် အခြေအနေတစ်ခုလည်း ရှိနေတယ်။ ကျမတို့ ဒီလုံခြုံရေးနဲ့ ငြိမ်းချမ်း ရေးကို ကြည့်မယ်ဆိုလို့ရှိရင်လည်း အထူးသဖြင့် နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုတွေ မရှိသလိုပေါ့နော ကျမတို့ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ပိုပိုပြီးတော့ ပြင်းထန်လာတယ်။ ကြမ်းတမ်း လာ တယ်။ ပိုပြီးတော့ လူမဆန်တဲ့ လုပ်ရပ်တွေကို များလာ တယ်ဆိုတော့ ကချင်ဒေသမှာပဲ မဟုတ်ပဲနဲ့ ဒေသပေါင်း စုံမှ ကြီးကြီးမားမား ဖြစ်လာတာကို ကျမတို့ မြင်တွေ့ရတယ်။”

အောက်တိုဘာလ ဒုတိယပတ်တွင် ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင် စခန်း တိုက်ခိုက်ခံရမှုအပြီး National Support Team – NST က ထုတ်လွှင့်ခဲ့သော မုန်လိုင်ခက် စစ်ရှောင်စခန်း အပေါ် ကျူးလွန်ခဲ့သည့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ဆိုသော ရုပ်သံထဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော အစ္စရေး-ပါလင်စတိုင်း အရေးကို နိုင်ငံတကာက စိတ်ဝင်စားနေသလို မုန်လိုင်ခက် စစ် ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော အရပ်သား ပြည်သူများကို မမေ့မလျော့ဘဲ သတိ ရပေးကြဖို့ နိုင်ငံတာကို တောင်းဆိုသည်ဟုလည်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“ကျနော်တို့ ဒီစစ်ဘေးရှောင်စခန်းမှာ အရပ်သားတွေပဲ နေထိုင်တဲ့နေရာကို စစ်ပွဲသဖွယ်ပစ်မှတ်ထားပြီး တိုက် ခိုက်တာ လုံးဝလက်ခံလို့ မရနိုင်တဲ့ အချက်တွေဖြစ်တယ်။ ဒါ့အပြင် သေဆုံးသွားတဲ့အထဲမှာ ကလေးတွေ အများ ကြီးပါတယ်။ မိခင်တွေ ကိုယ်ဝန်ဆောင်တွေပါတယ်။ ဒါကေတာ့ တော်တော်ကြီးကို ဆိုးဝါးတဲ့ အချက် ဖြစ်ပါ တယ်။ တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စရေး ကိစ္စကို စိတ်ဝင်စားတဲ့အချိန်မှာ အဲဒီပုံစံ အတိုင်းပဲ ကျနော် လိုင်ဇာမှာရှိတဲ့ IDP စခန်းကို ပစ်ခတ်တာဟာ နိုင်ငံတကာအနေနဲ့ ဒါကိုလည်း မမေ့မလျော့ပဲနဲ့ အရေးယူ ဆောင် ရွက်ဖို့ အထူးအရေးကြီးပါတယ်။”

ယခုကဲ့သို့ စစ်ကောင်စီက အရပ်သားပြည်သူများ အပေါ် ရန်သူသဖွယ် ပစ်မှတ်တိုက်ခိုက်မှုများသည် နိုင်ငံတကာ ကို စိန်ခေါ် နေခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာ အနေဖြင့် စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်မည့် ယန္တရားများကို အကောင်အထည် ဖော်ပြီး လုပ်ဆောင်ရန် အချိန်ရောက်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်း စာနာထောက် ထားရေးနှင့် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

“အပြစ်ပေးအရေးယူမှုက ကင်းလွတ်နေရင် ဒီလိုပဲ ဆက်လက်ကျူးလွန် နေအုံးမှာဖြစ်တဲ့ အတွက်ကြောင့် ဒါကို အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ လိုပါတယ်။ အခု ဒီဖြစ်ရပ်က ဒေသတွင်းလုံခြုံမှုကို ထိခိုက်ရုံသာမကဘဲ နဲ့ နိုင်ငံတကာရဲ့ လုံခြုံရေးကိုပါ ထိခိုက်နိုင်တဲ့ အလားအလာတွေ ရှိလာပါတယ်။ အခုလက်ရှိ ပါလင်စတိုင်းနဲ့ အစ္စရေးဖြစ်တဲ့ ဖြစ်စဉ်လိုပဲ တပြိုင်နက်ထဲမှာပဲ ဒီလိုပဲ အကြမ်းဖက်မှုတွေဟာ တိုးတက်လာပြီးတော့ ဒီလိုမျိုး မတရားမှုတွေ တရားမျှတမှု မရှိမှုတွေကို ကမ္ဘာကြီးက လက်ပိုက်ကြည့်နေဖို့ မကောင်းတော့တဲ့ အချိန်ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ တာဝန်ရှိသူ အားလုံးကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ မတရားမှုတွေကို ဖော်ထုတ်ပြီး တော့ မတရားမှု ဆောင်ရွက်နေတဲ့ သူတွေကို အပြစ်ပေးအရေးယူဖို့ အချိန်တန်ပါပြီလို့ ပြောလိုပါတယ်။”

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံ ရမှုအတွင်း လသားအရွယ် ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ ဦး သေဆုံး ခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် စစ်ဘေးရှောင်စခန်းလည်း ထိခိုက်ပျက်စီးသွားသောကြောင့် စစ်ရှောင်ပြည်သူများ နေထိုင်စားသောက် ရေးအတွက် အဖက်ဖက်က အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ က ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် အောက်တိုဘာလ လကုန်ထိ ပြန်လည်ထူထောင်ရေးပိုင်း အဆင်မပြေကြ သေးသလို လိုအပ်ချက်ပေါင်းများစွာ ရှိနေသေးသောကြောင့် အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီပေးကြရန် အကူအညီ ပေးနေသူများက တောင်းဆိုထားသည်။

ဓါတ်ပုံ – Simsa Kasa Multimedia