ပင်းပက် သံမဏိစက်ရုံ ပြန်လည် လည်ပတ်မည်ကို ဒေသခံများ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီကျေးရွာအုပ်စုတွင် ရှိသော လူထုက ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ပင်းပက်သံမဏိစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေခြင်းကြောင့် စက်ရုံအနီးရှိ ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြသည်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လဗရော့ဗ်တို့ ယခုနှစ် ဩဂုတ် လအတွင်း နေပြည်တော်တွင် တွေ့ဆုံမှုများ၌ ပင်းပက်စီမံကိန်း အစီအစဉ်များကို အရှိန်မြင့်ခဲ့ကြောင်း ပြောဆို ထားသည်။

ပင်းပက်စက်ရုံကြီးအတွင်း အလုပ်ရုံ ၂၂ ရုံရှိသည့်အနက် အလုပ် ၁၉ ရုံကို ဇွန်လဆန်းပိုင်းက စတင် စမ်းသပ် လည်ပတ်အောင်မြင်ခဲ့ပြီဖြစ်ပြီး ကျန်ရှိသော ၃ရုံကိုလည်း မကြာခင်အပြည့်အဝ လည်ပတ်နိုင်ရေး လုပ်ဆောင် မှုများ ရှိနေသည်ဟု ပအို့ဝ်လူငယ်အစည်းအရုံး ညွှန်ကြားရေးမှုး ခွန်ဦးက ပြောသည်။

”နေပြည်တော်မှာရော ရုရှားဖက်မှာရော ပင်းပက်စက်ရုံအတွင်းဖက်မှာရော အစည်းအဝေးတွေ တောက် လျှောက် လုပ်ခဲ့တာရှိတယ်။ ပြီးတော့မှ ဒေသခံတချို့နဲ့ပဲ တွေ့ဆုံပြီးတော့မှပဲ သူတို့လုပ်ထားတဲ့ အလုပ်ကို သဘောတူညီမှုရအောင် EIA လုပ်တဲ့ ပုံစံမျိုးနဲ့ ချဥ်းကပ်ပြီး consortation လုပ်ခဲ့တာလည်း ရှိတယ်ပေါ့။
ဒါ တွေက ထင်သာမြင်သာ ရှိနေတဲ့ အခြေနေတွေကိုး။ ဒါကိုကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ပြီးတော့မှ အဆောက်အအုံတွေလည်း ဆောက်နေတယ်။ ပြုပြင်မွန်းမံမှုတွေလည်း ရှိနေတယ်ပေါ့” ဟု သည်။

ပင်းပက်သံမဏိစက်ရုံ ရပ်နားထားသည်မှာ ၆ နှစ်ခန့်ရှိပြီ ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင် ၍ ပြန်လည်ပတ်နိုင်ရေး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် ကိုယ်တိုင် လာရောက်ပြီး စက်ရုံ ပြန်လည်ပတ်နိုင် ရေး လုပ်ဆောင်မှုများ ရှိနေသည်ဟု PYO က ဆိုသည်။

ထို့သို့ လုပ်ဆောင်မှုများအပြင် အလုပ်ရုံ ၁၉ ရုံ စမ်းသပ်လည်ပတ်မှုများ ရှိလာသည့်အတွက် ဒေသခံများက စိုး ရိမ်နေကြသည်။

ခွန်ဦးက ”ပထမဆုံး ဒေသခံတွေ စိတ်ပူတာကတော့ စိုက်ပျိုးရေးပေါ့နော်။ စိုက်ပျိုးရေးပြောတဲ့အခါ ဒီသဘက် ချောင်းကိုပဲ မှီခိုပြီးတော့ အသက်မွေးဝမ်းကျောင်း ပြုရတာဖြစ်တယ်။ ဆက်ပြီးတော့ လယ်ယာမြေတွေ ဆုံးရှုံး ရဦးမှာလား အဓိကစိုးရိမ်တယ်။ ပြီးတော့မှ သဘက်ချောင်းကို အမှီပြုပြီးတော့မှ စားဝတ်နေရေး ဖြေရှင်း နေ ရတာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတာဖြစ်တဲ့ အတွက် သူတို့အနေနဲ့ ဒုတိယ စိုးရိမ်တဲ့ အချက် တစ်ချက် ဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။

ယခင် ပင်းပက်စက်ရုံ လည်ပတ်ခဲ့စဉ်ကလည်း သဘက်ချောင်းတစ်လျှောက် နေထိုင်ကြသော လူဦးရေ ၃၅,၀၀၀ ခန့် အတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ၊ လယ်ယာမြေများ၊ မြစ်ချောင်းများ ထိခိုက်ပျက်စီးခဲ့ ပြီး သဘာဝ ပါတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လေထုညစ်ညမ်းမှုကိုပါ ထပ်မံရင်ဆိုင်နေရသည်ဟု ဖော်ပြထား သည်။

ထို့ကြောင့် “ဒီသဘက်ချောင်းကို အညစ်အကြေးတွေနဲ့ ဖြစ်လာမယ်ဆိုရင် သောက်သုံးရေတွေ စိုက်ပျိုးရေးတွေ အတွက် ပြီးတော့ တိရိစ္ဆာန်တွေအတွက်လည်း ပိုဆိုးလာနိုင်တဲ့ အခြေအနေတစ်ခုလို့တော့ မြင်တယ်ပေါ့။ ပြီး တော့မှ ဒီဂေဟစနစ်တွေ အပေါ်မှာရော အများကြီး စိတ်ပူတယ်ပေါ့နော်။ ဒီသဘက်ချောင်းက ထိခိုက်မှု အများ ကြီး ဖြစ်သွားတယ်ဆိုရင်ပေါ့” ဟု ခွန်ဦးက ဆက်ပြောသည်။

ပင်းပက်စီမံကိန်းကြောင့် မြေအသိမ်းခံခဲ့ရသူ ဒေသခံတစ်ဦးကလည်း “ဆုံးရှုံးမှုကတော့ တော်တော်များများ ရှိခဲ့တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က တိုင်းရင်းသားတွေပီပီ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး စတဲ့ အရေးပေါင်းစုံကို ဒီမြေနဲ့ စိုက်ပျိုးရေးနဲ့ပဲ ဖြေရှင်းနေကြတဲ့လူတွေဆိုတော့” ဟု ပြောသည်။

ပင်းပက်သံမဏိစက်ရုံ ပြန်လည်ပတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ စစ်ကောင်စီအတွက် ဝင်ငွေများ တိုးလာစေ နိုင်မည်ဖြစ်ပြီး ပင်းပက်မှ ထုတ်လိုက်သည့် သံ၊ သတ္ထုရုင်းကလည်း စစ်တပ်၏ လက်နက်လုပ်ငန်းအတွက် အသုံး ပြုရန် ရည်မှန်းထားခြင်း ဖြစ်သည်ဟု PYO က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လဗရော့ဗ်တို့ နေပြည်တော်တွင် တွေ့ဆုံမှုများထဲ ပင်းပက်စီမံကိန်းကို အရှိန်မြင့်ခဲ့ကြောင်းနှင့် နျူကလီးယားဓါတ်အားပေးစက်ရုံ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် နှစ်နိုင်ငံကြား သဘောတူညီချက်များကို အောက်တိုဘာလ အစောပိုင်းတွင် ရရှိခဲ့ကြသည်။

ပြန်လည်ပတ်ရန် ကြိုးစားနေသည့် ပင်းပက်သံမဏိစက်ရုံကို မြန်မာစစ်တပ်ပိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း နှင့် ရုရှားအစိုးရပိုင် Tyazhpromexport (TPE) တို့မှ ယူရို ၁၃၇.၅ သန်း အကုန်ကျခံ တည်ဆောက်ထား သော် လည်း ကောင်းကျိုးဆိုးကျိုး မမျှသောကြောင့် အပြီးတိုင် ပိတ်သိမ်းရန် ဒေသခံများက ဆန္ဒရှိကြသည်။

ပင်းပက်သံမဏိစက်ရုံ စီမံကိန်း စတင်ဆောက်လုပ်ချိန်ကလည်း ဒေသခံများ၏ မြေဧက ၁၁,၀၀၀ ကျော် ကို ငွေကြေးအနည်းငယ်ပေးကာ အဓမ္မသိမ်းယူခဲ့ပြီး လူနေအိမ် ၁၅ လုံးရှိ ပြည်သူ ၅၀ ကျော်လည်း အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရသည်ဟု ပအို့ဝ်လူငယ်အစည်းအရုံးက ဆိုသည်။

အဆိုပါ ပင်းပက်စက်ရုံကို ၂၀၀၆ ခုနှစ်တွင် စတင် အကောင်ထည်ဖော်ခဲ့ပြီး ၂၀၁၇ ခုနှစ် NLD အစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားခဲ့ရာမှ ၂၀၂၁ စက်ရုံပြန်လည်ပတ်နိုင်ရေး ဆောင်ရွက်နေကြခြင်း ဖြစ်သည်။