မြိတ်တွင် စစ်သားနှစ်ဦး ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။
စစ်ကောင်စီ၏ ခမရ – ၅၆၁ တပ်ရင်းမှ စစ်သား ၂ ဦး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းထံသို့ လာ ရောက်ပူးပေါင်းခဲ့သည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ – ၅၆၁ တပ်ရင်းမှ တပ်သား ထွန်းလင်းပိုင် နှင့် ထက်မြတ်သူတို့ ၂ ဦးသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မြိတ် ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၂) တပ်ခွဲ (၁) တို့ ပူးပေါင်းစစ်ကြောင်းထံ ချိတ်ဆက် ဝင်ရောက် လာခြင်း ဖြစ်သည်ဟု ဆိုသည်။
မြိတ်ခရိုင် တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ရှိသူက “လောလောဆယ် သူတို့ နေထိုင်စားသောက်ရေး အပြင် NUG ရဲ့ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ပြီး CDM ကုဒ် နံပါတ် ရရှိအောင် ကူညီဆောင်ရွက်ပေးနေပါတယ်။ ကုဒ် နံပါတ်ရသွားပြီ ဆိုရင်တော့ လစဥ်ထောက်ပံ့မှုတွေ ရသွားမှာပါ” ဟု ပြောသည်။
စစ်ကောင်စီ တပ်သားနှစ်ဦး အလင်းဝင်လာကြောင်းကို တနင်္သာရီတိုင်း ပြည်သူ့ကာ
ကွယ်ရေးအဖွဲ့ကလည်း နိုဝင်ဘာလ ၂ ရက်နေ့တွင် အတည်ပြုသတင်း ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးမှာ လက်နက်မပါဘဲ လူချည်း ထွက်ပြေးလာခြင်းဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီ တပ်တွင်း ဖိနှိပ်ခြင်း၊ ပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများ ရှိနေသည့်အပြင် စစ်သည်တော် ကျင့်ဝတ်များကို ချိုးဖေါက်ကာ ပြည်သူများအား မတရား ဖိနှိပ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ လာရောက် ပူးပေါင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
တနင်္သာရီတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် CDM ဝင်ရောက်လာခဲ့သူ ထားဝယ် ခရိုင်တွင် ၉၈ ဦး၊ မြိတ် ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၂၉ ဦး၊ စုစုပေါင်း ၂၃၇ ဦး ရှိလာပြီဖြစ်ကြောင်း ရေးသားထားသည်။
CDM လုပ်လာသူများအနက် တနင်္သာရီမြို့နယ်အတွင်း၌ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ရဲတပ်ဖွဲ့နှင့် စစ်သားဦးရေမှာ ၈၄ ဦးအထိရှိပြီဖြစ်ပြီး CDM အများဆုံး ဝင်ရောက်ထားသည့် မြို့နယ်လည်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ခမရ – ၅၆၁ တပ်ရင်းမှ စစ်သားတစ်ဦးသည် MA-3 တစ်လက်၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ အလင်းဝင်ခဲ့ဖူးပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း MA-3 မောင်းပြန် တစ်လက်၊ ကျည်တောင့် ၃၀၊ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် အတောင့် ၁၀၀ နှင့် တပ်သားတစ်ဦး ထပ်မံ အလင်းခဲ့သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း ခြေမြန်တပ်ရင်း ၅၆၁ မှ အလင်းဝင်လာသူ စုစုပေါင်း ၄ ဦး အထိ ရှိနေပြီဖြစ်သည် ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။