စစ်ကောင်စီ တပ်ဖွဲ့များ အလံဖြူထောင် အညံ့ခံ၊ ကောလင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်လျှက်ရှိရာ စစ်တပ်ဘက်က အလံဖြူပြ လက်နက်ချခဲ့သည်ဟု ကောလင်း ပကဖက ပြောပြီး ကောလင်းမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ကြေညာချက် ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းက ခရိုင်မြို့ကြီးဖြစ်သော ကောလင်းမြို့နယ်၏ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်ဖွဲ့များကို ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ ၆ ရက် နေ့ (ယနေ့)၊ နံနက် ၈ နာရီအချိန်ခန့်က စတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အလံ ဖြူထောင်ပြီး အညံ့ခံခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်က ဆက်ပြီး မခုခံနိုင်တော့သည့် အဆုံးတွင် အလံဖြူပြ လက်နက်ချခဲ့ခြင်း ဖြစ်သည်ဟု ကော လင်း ပကဖ တာဝန်ရှိသူက သတင်းနှင့်မီဒီယာကွန်ရက်ကို ယခုကဲ့သို့ ပြောသည်။
”အခု အဲ့ဒီမှာရှိတဲ့ အကြမ်းဖက် စစ်ခွေးတွေကို ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တချို့လည်း ဝန်းသို မြို့နယ်ဘက်ကို ထွက်ပြေးသွားကြတယ်လို့ သတင်းရထားလို့ ဝန်းသိုမြိုမှာလည်း ပိတ်ဆို့ ဖမ်းဆီးနေတာတွေ လည်း ရှိပါတယ်။”
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ကောလင်းမြို့ကို ကာကွယ်ရေး တပ်ဖွဲ့ များ သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာထားသည်။ ယခု ရက်ပိုင်း တိုက်ပွဲများအတွင်း ပထမဦးဆုံး ခရိုင်မြို့ကြီးတစ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
တစ်ပြိုင်နက်တည်းတွင်လည်း မြို့အတွင်း၌ ပိတ်မိနေသော ပြည်သူများကိုပါ ကောလင်း ပြည်သူ့ကာကွယ်ရေး တပ်နှင့် ပူးပေါင်းအဖွဲ့များက ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။
”အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေပြီးတော့ ရန်ပြုတိုက်ခိုက်လာမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးကင်းရာကို ရွှေ့ပေးနေပါတယ်။”
ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းအဖွဲ့များက ကောလင်းမြို့ကို နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက် ၁ နာရီအချိန်မှ စတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကောလင်းရဲစခန်း၊ အခြေခံပညာ အထက်တန်းကျောင်း၊ မြေ စာရင်းရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင်လည်း စစ်ကောင်စီ တပ်နှင့် နောက်ဆုံး ခြေကုပ်ယူထားသည့် ကောလင်း အထွေထွေ အုပ်ချုပ်ရေးရုံးကို ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ် သည်။
နိုဝင်ဘာလ ၅ ရက်နေ့က တိုက်ခိုက်မှုအတွင်း၌လည်း လက်နက်မျိုးစုံ ၅၄ လက်နှင့် အခြား ဆက်စပ်ခဲယမ်း ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
လူဦးရေ နှစ်သောင်းခွဲကျော် နေထိုင်သော ကောလင်းမြို့က တိုက်ပွဲများထဲ နိုဝင်ဘာလ ၅ ရက်နေ့အထိ စစ်တပ် က လေကြောင်းတိုက်ခိုက်မှုများ လုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟု ဒေသ တွင်း သတင်းအရင်းအမြစ်များက ပြောဆိုသော်လည်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ၍ စာရင်း အတိအကျကိုမူ မရသေးပေ။
ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိထား ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ (စစ်ရုံးချုပ်) က အတည်ပြုထုတ်ပြန်ထားသည်။