နာဂ လူငယ်များ အတင်းအဓမ္မ စစ်သား စုဆောင်းခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။
တနိုင်းမြို့နှင့် ရှင်ဗွေယန်မြို့ အကြား ဟူးကောင်းချိုင့်ဝှမ်းဒေသထဲတွင် ယခုနှစ်ထဲ ကချင်လွတ်လပ်ရေး တပ်မ တော် KIA ၏ တပ်သားစုဆောင်းမှုအတွင်း နာဂလူငယ် ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု တန်းရှန်းနာဂ ကျောင်း သား လူငယ်များအဖွဲ့အစည်းက ပြောသည်။
ယခုနှစ် မတ်လမှ စက်တင်ဘာလထိ စာရင်းအရ KIA အဖွဲ့၏ တပ်သားစုဆောင်းမှုထဲ နာဂလူငယ် ၃၀၀ ခန့် ဖမ်း ဆီးခံခဲ့ရသည်ဟု တန်းရှန်းနာဂကျောင်းသားလူငယ်များ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“၃ လပိုင်းကနေ ဖမ်းဆီးလာတာ နာဂလေးတွေကို ၇ လပိုင်းအထိက အဲ့ဒီအထိက နာဂတွေကိုပဲ ရည်ရွယ်ချက် ရှိ ရှိ ဖမ်းခဲ့တယ်လို့ သတိထားမိတဲ့အခါမှာ ပြည်သူလူထုက လိုင်းပေါ်မှာ တင်ပြောကြတဲ့အခါမှာ သူတို့က ပြန် ပြောင်းသွားတာပေါ့။ လူမျိုးပေါင်း စုံဖမ်းတယ် နာဂတွေကိုပဲ ဖမ်းတာ မဟုတ်ဘူးဆိုပြီး ဖမ်းလာတဲ့အခါ ဒီ အောက်တိုဘာလအထိတောင် ရောက်လာပြီ။ ဒီတစ်ရက် နှစ်ရက်မှာလည်း လူ ၃ ယောက် ၄ ယောက် အဖမ်း ခံရတယ်။ ဒီကြားထဲ နာဂလေးတွေက ဘယ်လောက်ထိ ဖမ်းသွားပြီးလဲလို့ ကြည့်တဲ့အခါမှာ ၁၀၀ လောက်က နန်းယွန်းဘက်က။ နောက်ထပ်က ဒီရှင်ဗွေယန်၊ ခလုံး၊ တခတ်၊ တနိုင်းဘက်က ရှိမယ်” ဟု ပြောသည်။
KIA တပ်၏ ဖမ်းဆီးမှု ခံလိုက်ရသော လူငယ်များထဲ ၉၀ ရာခိုင်နှုန်းကျော်မှာ နာဂလူမျိုးများဖြစ်ပြီး ကျန် ၁၀ ရာ ခိုင်နှုန်းခန့်မှာ ရှမ်း၊ လီဆူ၊ ဂျိမ်းဖော့ လူမျိုးတို့ အပြင် အခြားမျိုးနွယ်စုများလည်း ပါသည်ဟု ၎င်းက ဆက် ပြော သည်။ နန်းယွန်း၊ ရှင်ဗွေယန်၊ တနိုင်းဘက်က လူငယ်များ တပ်သားစုဆောင်းမှု ခံနေရခြင်း ဖြစ်သည်။
ဟူးကောင်းချိုင့်ဝှမ်း နယ်မြေထဲတွင် KIA အမှတ် ၁၄ တပ်ရင်းမှ အဓိက လှုပ်ရှားလေ့ရှိပြီး နာဂဒေသရှိ နန်းယွန်း မြို့ နယ်နှင့် တနိုင်းမြို့နယ်တို့မှ ဒေသခံပြည်သူများအတွက် အဆိုပါ နယ်မြေထဲရှိ လီဒိုလမ်းမကြီးသည် လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အတွက် အဓိက လုပ်ဆောင်ရသည့် လမ်းမကြီးဖြစ်သည်။
ထိုလမ်းမကြီးကို အဓိက အားထားသွားလာနေကြရသည့် ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် ခရီး သည်များအား KIA အနေဖြင့် ဖမ်းဆီးခြင်း၊ တပ်သားစုဆောင်းခြင်းများ မလုပ်ကြရန်လည်း ဒေသခံများနှင့် တန်း ရှန်းနာဂ ကျောင်းသား လူငယ်များ အဖွဲ့အစည်းက တောင်းဆိုထားသည်။
ထိုသို့ တောင်းဆိုထားသော်လည်း “တနိုင်းကနေ တက်လာတဲ့ဟာ ကလေးတွေ အကုန်ဖမ်းနေတာ။ ဘယ်လို ပြော ပြောမရဘူး။ သူတို့ဆီသွားပြောလဲ မရဘူး။ အသက် ၅၀ ကျော် အရွယ်ထိတောင် ဖမ်းတယ်။ အိမ်ထောင် သည်ရော မရဘူး။ ဘယ်လိုမှ သွားလာလို့ အဆင်မပြေဘူး။ ထောက်ခံစာနဲ့ သွားမယ်ဆိုရင်လည်း ဘယ်သူ့ဆီက ထောက်ခံစာ ယူမလဲ။ ရပ်ကွက်က ထောက်ခံပေးတဲ့ဟာက သူတို့က အာရုံမလာဘူး” ဟု တနိုင်းမြို့ခံ တစ်ဦးက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမပေါ် တွင် ဂိတ်နှစ်ခုထိုင်ကာ ဖမ်းဆီးနေခြင်းဖြစ်ပြီး တနိုင်းမြို့နယ်မှ ယခုနှစ်အတွင်း လူငယ် အယောက် ၂၀၀ ခန့်နှင့် နန်းယွန်းမြို့နယ်မှ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အများစုမှာ နာဂလူငယ်များဖြစ်ကာ ယခုချိန်ထိ ဖမ်းဆီးမှုများ ရှိနေသေးသည်ဟု နာဂ လူငယ်တစ်ဦးက ဆက်ပြောသည်။
“ခရီးသွားကတော့ လုံးဝအဆင်မပြေဘူး။ သူက လဂျာဘွမ်နဲ့ ရှိန်လုံးဂါးကြားမှာ တစ်နေရာဖမ်းတယ်။ တခတ် နဲ့ ခလုံကြားမှာ တစ်နေရာဖမ်းတယ် နှစ်နေရာမှာဆိုတော့ တခတ်ထိတောင် သွားလို့မရဘူး။ ဘယ်လိုမှ မလွှတ် ဘူး၊ တနိုင်းဘက်ကနေလာလည်း ရှိန်လုံးဂါးထိပဲ လာလို့ရတယ်၊ ဒီဘက်ကသွားလည်း ခလုံထိပဲ သွားလို့ရတယ်။ တခတ်ရွာမရောက်ခင် အဖမ်းခံရမှာ တောင်ယာသွား ဘာသွားကလည်း လူငယ်ပိုင်းတွေက အဆင်မပြေတော့ ဘူးလေ မသွားကြတော့ဘူး။ အသက်ကြီးတဲ့သူတွေဘဲ သွားကြရတော့တယ်။ အရင်က ထက် တော်တော်ဆိုး တယ်။”
ယခုနှစ်ထဲ ဖမ်းဆီးခံခဲ့ရသည့် နာဂလူငယ်များထဲမှ အချို့ကို အထောက်အထားစာများပေးပို့ပြီး ပြန်လည်ခေါ် ထုတ်နိုင်ခဲ့သည်များ ရှိပြီး အချို့မှာမှာ ထွက်ပြေးလာသည်များလည်းရှိကြောင်း သို့သော် အများစုမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု တန်းရှန်းနာဂ ကျောင်းသားနှင့် လူငယ်များအဖွဲ့အစည်း တာဝန်ရှိသူက ပြော သည်။
မြစ်ကြီးနား တက္ကသိုလ်တွင် ကျောင်းတက်နေသော နာဂလူငယ် ကျောင်းသူတစ်ဦးက “ဟိုနေ့က အမေက ကျမ ကို ဖုန်းဆက်လာတယ်။ အိမ်မပြန်လာနဲ့ ကျောင်းပိတ်ရင်ပေါ့ လုံးဝမလာနဲ့လို့ ပြောလာတယ်။ ကျမတောင် လန့် သွားတယ်။ အခုက အရမ်းဖမ်းနေတယ် ခလုံးရွာက ညီမလေးတစ်ယောက်တောင် ဒီကနေပြန်သွားတာ လမ်းမှာ ဖမ်းခံရ တယ်ပြောတယ်။ အရင်က မိန်းကလေးဆို မဖမ်းဘူးလေ အခုက အကုန်ဖမ်းတယ် လို့ ပြောတယ်။ အခု အိမ်မပြန်ရဲတော့ဘူး” ဟု ပြောသည်။
ယခုနှစ်အတွင်း KIA က တပ်သားစုဆောင်းမှုထဲ အမျိုးသမီးလူငယ်များပါ ဖမ်းဆီး စု ဆောင်းခံနေရသည်ဟု တန်းရှန်းနာဂ ကျောင်းသား လူငယ်များအဖွဲ့အစည်းက ပြောသည်။ ၎င်း နာဂလူငယ်အဖွဲ့ အနေဖြင့် ဖမ်းဆီးခံ ထားရသည့် လူငယ်များ ပြန်လည်လွှတ်မြောက်လာရေး ဆက်လက်ကြိုးပမ်းနေသည်ဟု ဆိုသည်။
KIA က တပ်သားသစ်စုဆောင်းနေမှုနှင့် ပတ်သက်၍ မြေပြင်ရှိ KIA သတင်းအရင်းအမြစ်များအပြင် KIO ပြန် ကြားရေး တာဝန်ရှိသူအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
ဓါတ်ပုံ – နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊နန်းယွန်း (နာဂအမျိုးသမီးလူငယ်များ)