ဖမ်းထားသော ရိုဟင်ဂျာများထဲတွင် ကိုဗစ်ရောဂါပိုးနှင့် သူများ တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။
ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းအနီးတွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၁၆၇ ဦးအနက် ၆ ဦးတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိရသည်ဟု တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် နို၀င်ဘာလ ၂ ရက်နေ့က စစ်ကောင်စီ၏ ရေတပ်က ဖမ်းဆီးခဲ့သည့် စက် လှေ နှစ်စီးပေါ်က ရိုဟင်ဂျာ ၁၆၇ ဦးကို ကျန်းမာရေး စစ်ဆေးရာတွင် အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၂ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေး ဦးစီးဌာန အရာရှိတစ်ဦးက “ပိုးတွေ့လူနာ နဲ့အတူ လှေတစီးထဲ စီးလာကြ တဲ့ သူတွေနဲ့ ထိတွေ့ ပြောဆို ခဲ့သူ အားလုံးကို သီးသန့် ခွဲထားပြီး စောင့်ကြည့်ထားတယ် ကွာရတင်း နှစ်ပတ် လုပ် ထားတယ်” ဟု အတည်ပြု ပြောသည်။
စတင်ဖမ်းဆီးမိခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၌သာ ကိုဗစ်ရောဂါပိုး စစ် ဆေးတွေ့ရသော်လည်း နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်း စစ်ဆေးချက်အဖြေအရ အမျိုးသားတစ်ဦး နှင့် အမျိုး သမီးတစ်ဦးတို့တွင် ထပ်မံ စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။
ရိုဟင်ဂျာ ၁၆၇ ဦး အား စက်လှေ့ဖြင့် ပိုဆောင်ပေးသည့် စက်လှေသမား မြန်မာလူမျိုး ၁၀ ဦး ကို ဖမ်းဆီးရမိ ထားပြီး ၎င်းတို့ကိုလည်း ငပုတော မြို့မရဲစခန်းတွင် သီးသန့် ချုပ်နှောင်ကာ စစ်ဆေးနေသည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၁၆၇ ဦး တွင် အမျိုးသား ၈၀ ဦး အမျိုးသမီး ၈၇ ဦးပါဝင်ပြီး အသက် ၁၈ မပြည့်သေးသူများလည်း ပါဝင်သည်ဟု ဒေသခံ မြန်မာ-မွတ်စလင်မ် ကွန်ရက် အဖွဲ့ဝင် ဦးကာစင် ကပြောသည်။
“အသက် ၁၈ နှစ်မပြည့်သေးတဲ့ အရွယ်တွေရဲ့ စာရင်းက အတည်ပြုလို့ မရသေးဘူး။ သူတို့က မလေးရှားမှာ အလုပ် လုပ်ဖို့ ရခိုင်ပြည်နယ်ကနေ စက်လှေနဲ့ ထွက်လာတာမှာ အဖမ်းခံကြရတာ” ဟု ဦးကာစင် က ပြောသည်။
ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၁၆၇ ဦးသည် မလေးရှားနိုင်ငံတွင် အလုပ်အကိုင် လုပ်ရန် စက်လှေဖြင့် ရခိုင် ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်များထဲရှိ ဒုက္ခသည်စခန်းက ထွက်ခွာလာစဉ် ဧရာဝတီတိုင်း၊ ဟိုင်း ကြီးကျွန်းအနီး ပင်လယ်ပြင်တွင် တွေ့ရှိ၍ စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအုပ်ချုပ် ရေးအဖွဲ့ထံမှ သိရသည်။
ဧရာဝတီအတွင်းသို့ နယ်မြေ ဖြတ်ကျော် ဝင်ရောက်လာသော ရိုဟင်ဂျာ ၁၆၇ ဦးကို ဥပဒေနှင်င့် အညီ ဆောင် ရွက်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဦးစီးဌာန တာဝန်ရှိသူ က ပြောသည်။