စစ်ကောင်စီ အမိန့်ဖြင့် ရပ်နားထားသည့် ဘုရားပွဲတော်ကို ပြန်ကျင်းပမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။

သုံးနှစ်ကြာ ရပ်နားထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ပွဲကို စစ်ကောင်စီက ဖိအားပေး ကျင်းပခိုင်းသဖြင့် ပြန် ကျင်းပမည်ဟု ဒေသတွင်းရှိ ဂေါပကအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မြိတ်မြို့ ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ ၉၃ ကြိမ်မြောက်အဖြစ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ပွဲကို ၃ ရက်ကြာ ပြန်လည်ကျင်းပသွားမည်ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒေသတွင်းရှိ ဗုဒ္ဓဘာသာအသင်း တာဝန်ရှိသူတစ်ဦးက “ထားဝယ်ရော ကော့သောင်းမှာပါ ကျင်းပနေတယ်။ ဆင် ခြေပေးတာတွေ မလိုချင်ဘူး ပုံမှန်အတိုင်း ဘုရားပွဲကို ပြန်ကျင်းပပေးဖို့ စစ်ကောင်စီကပြောတယ်။ မကျင်းပ နိုင်ရင် သူတို့ကိုယ်တိုင် ကျင်းပမယ်။ ဘုရားဂေါပက လက် ထဲရှိနေတဲ့ ဘဏ္ဍာငွေ သိန်း ၉၀၀ ကျပ်ကိုတော့ စာ ရင်းဇယားနဲ့ အပ်ပေးရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်” ဟု ပြောသည်။

ဘုရားပွဲ ပြန်လည်ကျင်းရန်ဟု ဆိုကာ နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များမှ ရပ်မိရပ်ဖ များအား စစ်ကောင်စီမှ ဖိအားပေးခေါ်ယူ၍ အစည်းအဝေးပြုလုပ်ခဲ့ရကြောင်း ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြို့လှည့် အပူဇော်ခံခြင်း အစီအစဥ်ကိုလည်း ပြုလုပ်သွားမည် မဟုတ်ဘဲ ဘုရားငါးဆူကွင်း ယာယီ စံကျောင်း တော် မဏ္ဍပ်များတွင်သာ သတ်မှတ်ထားသည့် ပွင့်စဥ်များ အလိုက် နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့အထိ နေ့စဥ် နံနက် ၆ နာရီ မှ ည ၁၀ နာရီအထိ ၃ ရက်ကြာ ပွဲတော်ကို ကျင်းပသွားရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဆို သည်။

ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်းရှိ ဗုဒ္ဓဘာသာသာ အသင်းကြီး ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဘုရားပွင့်စဥ်များအား ရပ်ကွက်အလိုက် ပူဇော်နိုင်ရန် မဲနိုက်သည့် အစီအစဥ်ကိုလည်း ပြုလုပ်ခဲ့ကြသော်လည်း၊ ပူ‌ဇော်ရန် လိုအပ်သည့် ပြင်ဆင်ချိန် နည်းပါးခြင်း၊ လုံခြုံရေး တာဝန်ယူရန်နှင့် ငွေကြေး အခက်အခဲများ ရှိနေခြင်း တို့ကြောင့် ရပ်ကွက်အချို့က တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က ဆိုသည်။

ရပ်နားထားသည့် ဘုရားအပူဇော်ခံပွဲကို စစ်ကောင်စီမှ ပြန်လည်ကျင်းပရန် ပြင်ဆင်ခိုင်းနေခြင်းမှာ နယ်မြေတည်
ငြိမ်အေးဆေးနေသည်ဟု အကြောင်းပြရန်အတွက် ဘာသာရေး ပွဲလမ်းသဘင်ကို ခုတုံးလုပ် ဖန်တီးနေခြင်း ဖြစ် ပြီး မီဒီယာစာမျက်နှာများပေါ်မှတဆင့် လိမ်ညာဖို့ ကျိုးစားနေခြင်းသာဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့လှည့်ပူဇော်ပွဲကို ၂၀၁၉ ခုနှစ်တွင် ၉၂ ကြိမ်မြောက်အဖြစ် နောက်ဆုံး ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၀ခုနှစ် ကိုဗစ်ကပ်ရောဂါဘေးနှင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ဘုရားပွဲတော်ကို ရပ်နားထားခဲ့ရသည်။

ပွဲတော်ကျင်းပရန် ရက်နီးကပ်မှ ယခုကဲ့သို့ ရုတ်တရက် အကြောင်းကြားကာ ဖိအားပေး ပြောဆိုလာသည့် အတွက် ဘဏ္ဍာငွေများ တိုးပွားလာစေရန် လုပ်ငန်းရှင်အချို့ထံ ခွဲဝေငှားရမ်းထားသည့် ငွေကြေးများကို ချက်ချင်း ပြန်လည် စုဆောင်းနိုင်ရန်အတွက် အချိန် အခက်အခဲများလည်း ရှိနေသည်ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆိုသည်။

ယခုရက်ပိုင်းများအတွင်း ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများနှင့် နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် ကျင်းပမည့် ဘုရားပွဲတွင် စိတ်ချရသည့် လုံခြုံရေး မရှိနိုင်ဘူးဟု မြိတ်မြို့ ခံများက ပြောသည်။

ယခင်က မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို ၇ ရက်ကြာ အငြိမ့်ဇာတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး နှစ်စဥ် တန်ဆောင်မုန်း လပြည့်ညတွင် ဘုရားငါးဆူကွင်း ယာယီ စံကျောင်းတော် မှ မြို့တွင်းလှည့်လည် ပူဇော်ပွဲကို ဗုဒ္ဓဘာသာ အသင်းကြီးမှ ဦးဆောင်ကာ ညလုံးပေါက် ကျင်းပပြုလုပ်ခဲ့ကြ သည်။

ပြဿဒ်မော်တော်ယာဥ်များဖြင့် မီးအလှဆင်ကာ ဘုရားပွင့်စဥ်များ အလိုက် ရပ်ကွက်အသီးသီးသို့ သတ်မှတ် လမ်းကြောင်းအတိုင်း လှည့်လည် ပူဇော်ခံကြပြီး လှည့်လည်ရာ လမ်းတစ်လျှောက်တွင် စေတနာရှင် အလှူရှင် များ၊ အသင်းအဖွဲ့များက ဥပသကာအဖွဲ့များအား စတုဒီသာ အကျွေးအမွေးများဖြင့် ဧည့်ခံကြလေ့ရှိသည်။

အလားတူ သုံးနှစ်ကြာရပ်နားထားသည့် ၁၁၂ ကြိမ်မြောက် ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကိုလည်း ယခုနှစ် တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး ဘုရားလှည့်လည် ပူဇော်ခံပွဲကို ညဘက် အစား နေ့ဘက်သို့ ပြောင်းလဲ ကျင်းပသွားမည် ဖြစ်ကြောင်း ထားဝယ်ဘုရားကြီး ဂေါပကအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအား တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့မှစ၍ လပြည့်နေ့အထိ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်း ၅ ရက်ကြာ ကျင်းပသွားမည်ဟု ဆိုကြသည်။