ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ခြံစောင့်တဲ အချို့ မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်ကြီးကျေးရွာတွင် စစ်ကောင်စီ တပ်က တောင်သူများ၏ ခြံစောင့်တဲအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။

လမ်းပြ ပျူစောထီးများ၏ ဦးဆောင်မှုဖြင့် နွားဘန်ကြီးကျေးရွာထဲကို နိုဝင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကြောင်းထိုး လာပြီးနောက် ကာကွယ်ရေးတပ်ဖွဲများ ရှိသည်ဟု စွပ်စွဲကာ ရွာသားများ၏ ခြံစောင့်တဲအချို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ရွာငံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “အဲ့ဒီ ပတ်ဝန်းကျင်မှာ PDF တွေ ရှိတယ် ဆိုပြီးတော့မှ သူတို့က မီးရှို့တာ။ လာပြန်မနေရအောင် ပေါ့။ အဲ့ဒီမှာ နေတယ်လို့ သူတို့က ယူဆထားတာ။ အဲ့ဒီ မတိုင်ခင်လည်းပဲရွာနဲ့ ခြံကြားမှာကို လုံခြုံရေး ချထား တယ်။ ပြီးရင် ခြံ ထဲကိုလည်း ပေးမသွားဘူးလေ။ ပြီးခဲ့တဲ့ လတုန်းကပေါ့။ အခုက သူတို့ တပ်ပြန်ဆုတ်တယ်။ မဆုတ်ခင် မီးရှို့ခဲ့တာ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ ခြံစောင့်တဲ ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု DPLF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

မီးရှို့ခံလိုက်ရသော ခြံစောင့်တဲများမှာ လူ နေအိမ် တစ်လုံးနီးပါး သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာများဖြင့် အခိုင်အမာ တည်ဆောက်ထားခြင်းကြောင့် ခေတ်ကာလ ပေါက်ဈေးအရ တဲတစ်လုံး တန်ဖိုးငွေ ၁၀ သိန်းကျော် ရှိနိုင်ပြီး ငွေ သားနှင့် အတွင်းပစ္စည်းများ အပါအဝင် သိန်း ၁၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးသွားသည်ဟု ရွာသားများက ပြော သည်။

စစ်ကောင်စီတပ်များက စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး နွားဘန်ကြီးကျေးရွာကို တောင်ယာလုပ်ခွင့် ပိတ်ပင် ထားခဲ့ကြောင့် မီးရှို့ခံမှုထဲ တောင်သူများ ထိခိုက်မှု ဒဏ်ရာခြင်းမျိုး မရှိဘူးဟု ဆိုကြသည်။

လတ်တလော နွားဘန်ကြီးကျေးရွာ၏ အခြေအနေများနှင့် ပတ်သက်၍ DPLF ပြန်ကြားရေး တာဝန်ခံက “အဲ့မှာ ပျူစောထီးများတယ်။ ပျူစောထီး ဆိုတာက ဟိုဟာ စစ်ကောင်စီရဲ့ ယူနီဖောင်းနဲ့ ပါတယ်။ ပျူစောထီးတွေက ရွာငံ ပျူစောထီးတွေ ပါတယ်။ ရွာငံမှာ လှုပ်ရှားနေတဲ့ ဘယ်စစ်ကြောင်းမဆို ပျူစောထီး ပါတယ်။ ယူနီဖောင်း နဲ့။ အဲနယ်မြေက လောလောဆယ် ကျနော်တို့လှုပ်ရှားနေတာ မရှိသေးဘူး။ ရွာငံ PDF 1003 က လှုပ်ရှားနေ တော့ တချို့ဟာတွေက ဖြေလို့ အဆင်မပြေသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်များ နွားဘန်ကြီးကျေးရွာထဲကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိပြီး ကျေးရွာနေ ပြည်သူများ၏ ငွေကြေးများကို ဓါးပြတိုက်ခြင်း၊ လူနေအိမ်များထဲ တပ်စွဲနေထိုင်ခြင်းတို့အပြင် ရွာသားများ မွေးမြူထားသည့် ကြက်၊ ဝက်၊ ကျွဲ၊ နွားများကို ရိက္ခာအတွက် ဖမ်းဆီးယူသွားခြင်းမျိုးများကို ဆက်တိုက် ကျူးလွန်နေသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း နွားဘန်ကြီးကျေးရွာရှိ နေရပ်အိမ်ကို ပြန်လာသော စစ်ဘေး ရှောင် ၂ ဦးအား စစ်ကောင်စီတပ်က DPLF အဖွဲ့ဝင်များ အလင်းဝင်လာသည်ဟု ဆိုကာ အခမ်းအနားပြုလုပ်ကာ ဝါဒဖြန့်ခဲ့သေးသည်။