ရှမ်းမြောက်တိုက်ပွဲများကြောင့် ကုန်ဈေးနှုန်းများတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းများပိတ်ကာ အချို့နေရာများ တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ရှိနေပြီး ကုန်စျေးနှုန်းပါ မြင့်တက်လာသောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာ မိတ်တပ်ဖွဲ့က ‘၁၀၂၇’ စစ်ဆင်ရေးဟုဆိုကာ အောက်တိုဘာလ ကုန်ပိုင်းက စတင်လိုက်ပြီးနောက် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး ယခုကဲ့သို့ အခြေခံ စားသောက်ကုန် စျေးနှုန်းများ မြင့်တက်မှု၊ ပြတ်လပ်မှုများ ဖြစ်လာသည်ဟု ကွတ်ခိုင်ဒေသခံ အမျိုးတစ်ဦးက ပြောသည်။
“တချို့ကျတော့ ဝယ်မရတာတွေရှိတယ်ပေါ့။ တချို့ကျတော့လည်း စျေးက တအားတင်တာလေ။ ဆန်တစ် အိတ် ကို ၂ သိန်းကျော် ပြီးကျတော့ ဘိလပ်မြေတစ်အိတ်ကို ၂ သောင်းတဲ့ အစစအရာရာ စျေးတက် ခေါင်ခိုက် နေတာပဲ။ တစ်ရက်လုပ် တစ်ရက်စားတွေ့တော့ ဟိုမှာ ဘယ်လိုပြောရမလဲ ထွက်ဝယ်တာ မဝယ်နိုင်တော့ဘူး လေ။ အကုန်လုံး ခေါင်ခိုက်နေတာပဲ ငိုတောင်ငိုချင်တယ်။ ရှိတဲ့ ငါးခြောက်တွေ ပဲလေးတွေ အကုန်မျှပေးလိုက် ပြီ။ စားနပ်ရိက္ခာတွေတော့ အကုန်တက်တယ်။ ဘာပဲဖြစ်ဖြစ် ရှူးရှဲ လက်ဖက်ထုပ်တောင်မှ တစ်ထောင်ကျော် သွားပြီ။ အရင်တုန်းက ၃၀၀။”
ဆန်အပြင် အခြား အခြေခံစားသောက်ကုန်များပါ စျေးတက်သွားသည့်အပြင် ပစ္စည်းအချို့မှာ လုံးဝကို ပြတ် သွားသည်ဟု အဆိုပါ ကွတ်ခိုင်ဒေသခံအမျိုးသမီး ပြောသည်။ လက်ရှိတွင် ကွတ်ခိုင်မြို့ထဲ စက်သုံးဆီလည်း ပြတ်နေပြီဟု ပြောသည်။
ထို့အပြင် တိုက်ပွဲတွေကြောင့် ပြင်ဦးလွင် – မူဆယ်သွား လမ်းမကြီးတစ်လျှောက် လမ်းကြောပိတ်ဆို့မှုများ ရှိနေပြီး ကုန်ပစ္စည်းများ ပို့ဆောင်၍ မရဘူးဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
“ကုန်စျေးနှုန်းတွေနဲ့ စျေးကစားပြီး ကမောက်ကမ အရမ်းတက်တာတော့မရှိဘူး။ တက်တာတော့ အကုန်လုံး တက်တာပေါ့ ဥပမာ ပစ္စည်းစျေးဆိုလို့ရှိရင်လည်း သူတို့ ကားခပေါင်းလိုက်တယ်။ ယိုဒယားပစ္စည်း တရုတ် ပစ္စည်းဆိုရင် သူတို့က စျေးတင်မရောင်းဘူး။ ရှိတဲ့ဟာကို ကားခလေး ဘာတွေ တွက်ပြီးတော့ ရောင်းလိုက် တယ်။ မရှိတော့ရင်လည်း ပစ္စည်းပြတ်တာပေါ့ အဲ့လိုပါ။”
သို့သော် ကျောက်မဲတွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လာသော်လည်း ရှိနေသည့် ပစ္စည်းများ၊ နည်းအမျိုးမျိုး ရောက်လာသော ပစ္စည်းများကို စျေးတင်ရောင်းချခြင်းမျိုး မလုပ်ကြဘူးဟု ၎င်းကျောက်မဲဒေသခံက ဆက် ပြောသည်။
“အရမ်းကြီး မြို့ကြီးပြကြီးတွေလိုမျိုး စျေးကို ၂ ဆ ၃ ဆ ခုန်ပစ်လိုက်တာ ကျောက်မဲက အဲ့လိုမျိုးတော့ မရှိ ဘူးပေါ့နော်။ သင့်တင့်လျောက်ပတ်စွာ တက်တာက တက်တာပေါ့။ တချို့ ဟင်းသီးဟင်းရွက်သည်တွေ ဆိုလို့ ရှိရင် သနားစရာကောင်းတယ်။ သူတို့က အရင်တုန်းက ကုန်စိမ်းက မန္တလေးကနေ နေ့တိုင်းသယ်တဲ့ဟာ အခုက မိုင် ၃၀၀ ကျော် ဒီလိုမျိုး ဖြတ်လာရတော့ ဝါကုန်တာလေ။ သူတို့လည်း ဆုံးရူံးမှုတွေ များတာပေါ့။ အခုကျ တော့ တောင်ပိုင်းလမ်းက ပြန်ပတ်တာ မိုင်က ၃၀၀ ကျော်ဆိုတော့ အရွက်စိမ်းတွေ သူတို့မှာနေကျဟာ ဒီရောက် လာရင် ဝါကုန်ပြီပေါ့။”
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ‘၁၀၂၇’ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်နေသည့် မြို့များမှာ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ ချင်းရွှေဟော်၊ တအာင်း ဒေသ များ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့များဖြစ်ပြီး အချို့မြို့များတွင်လည်း စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေကြရသည်ဟု ဒေသခံများက ပြောသည်။
စားနပ်ရိက္ခာ ကုန်စျေးနှုန်းနှင့် စက်သုံးဆီစျေးနှုန်းများ တက်နေသည့်အပြင် ရှမ်းမြောက်က မြို့နယ်အချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ မရတော့ဘူးဟု ဒေသခံများက ဆိုကြသည်။
ဓါတ်ပုံ – ရွှေဖီမြေ (ကုန်စျေးနှုန်း မြှင့်တက်နေချိန် မူဆယ်ရှိ ပရဟိတအသင်းတစ်သင်းက စျေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေးနေပုံ)