၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ NUG ယာယီသမ္မတ ပြော

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေကို အရှိန်အဟုန်မြင့်ပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ အမျိုးသား ညီညွတ်ရေး အစိုးရ ​NUG ရဲ့ ပြည်သူ့ကာကွယ် ရေး တပ်မတော် PDF တပ်ဖွဲ့တွေကလည်း မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ NUG က ဆိုပါ တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ရှိတဲ့ ကောလင်းမြို့ကို မဟာမိတ်တွေနဲ့အတူ ပြည်သူ့ကာ ကွယ်ရေး တပ်မတော် PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကိုပါ သိမ်းနိုင်ခဲ့တဲ့အတွက် အထူးဝမ်းမြောက် ဂုဏ်ယူ စရာဖြစ်စေတယ်လို့ NUG ယာယီသမ္မတ က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေဟာ နွေဦးတော်လှန်ရေးရဲ့ စစ်ရေး ထိုးစစ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဦးမော့စေခဲ့သလို မြို့သိမ်းတိုက်ပွဲကို အခုလိုလုပ်ဆောင်နိုင်တာကလည်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ညီညွတ်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့်ဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဆိုပါတယ်။

လက်ရှိတိုက်ပွဲတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ နွေဦးတော်လှန်ရေးကနေ ပေါက်ပွားလာတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ စစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်နေပြီးသတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါ တယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မ တော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး အပါအဝင် ရည်ရွယ်ချက် ၅ ချက်နဲ့ ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်တာလို့ ပြောဆိုထားပါတယ်။