ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ပဲဒက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

သေဆုံးသွားသူ အသက် ၅၇ နှစ်အရွယ် ဦးစိုးဝေသည် NLD အစိုးရလက်ထက် မတိုင်ခင် ကတည်းက အုပ်ချုပ် ရေးမှူးနှင့် ပြည်သူ့စစ် ခေါင်းဆောင် လုပ်ကိုင်ခဲ့သူ ဖြစ်သည့်အပြင် စစ်တပ် အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီခန့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ကို ယူထားသူဖြစ်ကြောင်း ရွာသားများက ဆိုသည်။

အသက် ၅၀ ခန့်အရွယ် ပဲဒက်ရွာသားတစ်ဦးက “ရွာမှာပြန်လာနေတာ သိပ်မကြာသေးဘူး။ ၂ လကျော် ၃ လ လောက်ရှိသေးတာ။ စစ်တပ်နဲ့ပေါင်းပြီး ရွာထဲက သူနဲ့ မတည့်တဲ့ သူတွေကို အပြစ်ရှာပြီးဖမ်းတာ။ ဆန္ဒပြပွဲတွေ မှာ ပါတဲ့သူတွေရဲ့ အိမ်တွေကိုလိုက်ပြပြီး ဖမ်းဆီး ခိုင်းတာတွေ လုပ်နေတာကြောင့် PDF တွေက သတိပေးတာ လည်း ခံထားရဖူးတယ်“ ဟု ပြောသည်။

၂၀၂၂ ခုနှစ် မေလ အတွင်းက ပျူစောထီးစခန်း ပြုလုပ်ထားသည့် ပဲဒက်ကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီရုံးကို PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့စဥ်က ဦးစိုးဝေမှာ ကံကောင်းထောက်မစွာ ထွက် ပြေးလွတ်မြောက်သွားပြီး ကျေးရွာမှ ခေတ္တ တိမ်းရှောင်သွားခဲ့ရကြောင်း ရွာသားများက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် ၉ နာရီခန့်က ဆိုင်ကယ်ဖြင့် ဆံပင်ညှပ်ရာမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး ဦးစိုးဝေ ကို ဆင်စွယ်ချောင်းကျေးရွာ အရောက်တွင် ဆိုင်ကယ်စီးလာသူ လူ၂ ဦးက သေနတ်ဖြင့် ပစ်သတ် သွားခဲ့ခြင်းဖြစ် သည်။

ဆင်စွယ်ချောင်းကျေးရွာမှာ ပဲဒက်ကျေးရွာနှင့် ရွာချင်းကပ်လျက်ရှိနေကာ ၃ မိုင်ခန့် သာကွာဝေးသည်။

ဦးစိုးဝေ ၏ အလောင်းကို မိသားစုဝင်များက ပစ်သတ်ခံထားရသည့် နေရာမှ သွားကောက်ယူကာ နေအိမ်တွင် နာရေးကို ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီက အားထားရသူ ဦးစိုးဝေ ပစ်သတ်ခံရခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲအနေဖြင့် ကျေးရွာ အတွင်းရှိ ရွာသားများကို အကြမ်းဖက် ဖမ်းဆီးလာမည်ကို ဒေသခံပြည်သူများက စိတ်ပူစိုးရိမ်နေကြသည်။

သရက်ချောင်းမြို့နယ်အတွင်း ပဲဒက်ကျေးရွာသည် ပျူစောထီးအား အကောင်းဆုံးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံမှု အများဆုံး ရွာတစ်ရွာ ဖြစ်သည်။

ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးသည့် နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းကာ ကျေး ရွာတွင် အထိုင်ချတပ်စွဲထားသည်ဟု ရွာသားများက ပြောသည်။