စစ်ကောင်စီအား ကူညီပံ့ပိုးခြင်း မလုပ်ရန် လုပ်ငန်းရှင်များအား သတိပေး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
မြိတ်မြို့အခြေစိုက် ပင်လယ် ငါးဖမ်း ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေသည့် ခရိုနီလုပ်ငန်းရှင် အများအပြားကို စစ်ကောင်စီအား ထောက်ပံ့ကူညီပေးနေသည့် ထောက်တိုင်များအဖြစ် သတ်မှတ်ထားသည်ဟု မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ သတင်းထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် စာအတွင်း မြိတ်မြို့နယ်အတွင်းရှိ ခရိုနီလုပ်ငန်းရှင်များ သည် စစ်ကောင်စီကို ကုန်းလမ်း၊ ရေလမ်းဖြင့် လိုက်လံကူညီ ပို့ဆောင်ပေးနေခြင်းများနှင့် ထောက်ပံ့နေခြင်းများ အား ချက်ချင်းရပ်တန့်ရန် သတိပေးထားခြင်း ဖြစ်သည်။
ခရိုနီလုပ်ငန်းရှင်များသည် စစ်ကောင်စီကိုသာ ထောက်ပံ့မှုများရှိနေခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများကို လှူဒါန်းကူညီပေးခြင်းမျိုး မရှိသည်ကိုလည်း မှတ်တမ်းတင် ထားကြောင်း ဖေါ်ပြထားသည်။
မြိတ် (ပကဖ)အဖွဲ့ တာဝန်ရှိသူတစ်ဦးက “သူတို့က ပေးကမ်းလှူဒါန်းတာသာ မရှိတာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တွေက ခရိုနီတွေဆီမှ အလှူငွေတွေ လိုက် ကောက်နေတယ်လို့ သတင်းလွှင့်ထားသေးတယ်။ နာမည်ဖျက်တဲ့ သဘောပေါ့” ဟု ပြောသည်။
ခရိုနီလုပ်ငန်းရှင်များက စစ်ကောင်စီကို ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်သားများ သယ်ယူနိုင်ရန် ငါးဖမ်းစက်လှေ များ၊ ကုန်တင်ကား၊ တွဲကားနှင့် အအေးခန်းကားများကို အသုံးပြုခွင့်ပေးထားသလို စစ်ကောင်စီဘက်မှလည်း လုပ်ငန်းရှင်များ ခရီးသွားလာရာတွင် လုံခြုံရေး ယူပေးခြင်းများ ရှိနေခဲ့သည်ဟု မြိတ် (ပကဖ) တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီနှင့် လုပ်ငန်းရှင်ကြီးများ ပူးပေါင်းလုပ်ဆောင်နေခြင်းများကို သက်သေအထောက်အထား ဓာတ်ပုံ မှတ်တမ်းများ ရရှိထားကြောင်းနှင့် စစ်ကောင်စီအား ထောက်ပံ့နေမှုများအား ချက်ချင်းရပ်တန့်ပေးရန်လည်း တောင်းဆိုထားသည်။
မြိတ်မြို့မှ လူသိများသည့် ခရိုနီလုပ်ငန်းရှင် အများစုက စစ်ကောင်စီ နှင့် ရင်းနှီးသည့် ဆက်ဆံရေးများ ရှိနေကြ ပြီး နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ထားသည့် မာရဝိဇယ ဘုရား အတွက် အလှူငွေ အများအပြားကိုလည်း ထည့်ဝင်ထားကြသည်ဟု မြို့ခံများက ပြောသည်။
ခရိုနီ လုပ်ငန်းရှင်များမှ စစ်ကောင်စီအား ထောက်ပံ့ ကူညီနေမှုများအား ရပ်တန့်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းကာ ထောက်ပံ့ ကူညီကြဖို့ တိုက်တွန်းထားပြီး သတိပေးချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက မြိတ် ပြည် သူ့ကာကွယ်ရေးအဖွဲ့မှ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တနင်္သာရီတိုင်းမှ စစ်ကောင်စီ၏ ထိပ်ပိုင်းအရာရှိ ၃ ဦး ဖမ်းဆီးခံရပြီးသည့်နောက် မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြိတ် အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးလှသန်း အပါအဝင် မြိတ်မြို့မှ လုပ်ငန်းရှင် ၆ ဦးကို ခေါ်ယူ စစ်ဆေးခြင်းများ ရှိခဲ့သေးသည်။