စစ်ကောင်စီသာ တိုက်ပွဲ ဖြစ်ရခြင်း တရားခံဟု NUG စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
တရုတ်-မြန်မာ နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာစေသည့် အဓိက တရားခံသည် စစ်ကောင်စီ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၇ ရက်နေ့ အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ၃၅ ကြိမ်မြောက် အစိုးရ အဖွဲ့ အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
NUG ယာယီ သမ္မတ ဒူဝါလရှီးလက “မြန်မာနိုင်ငံတဝှမ်းလုံး တည်ငြိမ် အေးချမ်းမှုနဲ့ တရုတ်-မြန်မာ နယ်စပ် စစ်ပွဲများ ရပ်တန့်နိုင်ဖို့ စစ်ကောင်စီသာ အဓိက ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူ တရပ်လုံး တောင်းဆိုနေ တဲ့ စစ်တပ် နိုင်ငံရေးမှ ထွက်ရေး အာဏာရှင်စနစ်ဖြုတ်သိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝ ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စု အပေါင်းအပါများက လက်ခံလျှင် ဒီနေ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများ အမြန်ရပ်ဆိုင်းသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်တစ်ကြောတွင် စစ်ကောင်စီ တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေ သည်။
လက်ရှိ ဖြစ်ပွားနေသည့် တရုတ်-မြန်မာနယ်စပ်က တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်က ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံဖက်သို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်ဟု NUG ယာယီ သမ္မတ က ပြောသည်။
“စစ်ကောင်စီက လိုင်ဇာကို ဦးတည်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ တရုတ်ဖက်အခြမ်းကို စစ်ကောင်စီရဲ့ လက် နက်ကြီး ကျရောက်ပေါက်ကွဲတာ ရှိလို့ တရုတ်အရပ်သားအချို့ သေဆုံးတာ တွေ့ရှိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ ထိုးစစ်တွေ ရပ်တန့်မသွားသရွေ့ တရုတ်နိုင်ငံရဲ့ နယ်စပ်လုံခြုရေးကိုလည်း အားလျော့စေတာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောသည်။
တရုတ်နယ်စပ်က တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးမှုများ ရှိလာသည့်အတွက် နယ်စပ် လုံခြုံရေး ကိစ္စများကို တရုတ်အစိုးနဲ့ သံခင်းတမန်ခင်း ပြောဆိုဆက်ဆံမှုများ အထူးအလေးထား ဆွေးနွေး ပြော ဆိုကြရန် လိုအပ်မည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဆိုသည်။
စစ်ကောင်စီတပ်သည် တရုတ်-မြန်မာနယ်စပ်ရှိ KIO/KIA ဌာနချုပ်ကို နိုဝင်ဘာလဆန်းက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဖက်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲ ခဲ့ပြီး တရုတ်နိုင်ငံသား ၁ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု လိုင်ဇာ ဒေသခံများ က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်တစ်ကြော တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားလာခဲ့သည်။
ထိုသို့ ဖြစ်ပွားလာရာမှ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအ မျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရက္ခိုင်တပ်တော် AA တို့က ၁၀၂၇ စစ်ဆင်ရေးကို စတင်သည်ဟု ကြေညာလိုက်သည်နှင့် တပြိုက်နက် တည်း တရုတ်-မြန်မာ နယ်စပ်တစ်ကြောတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသည်မှာ ယနေ့ အချိန်အထိ ဖြစ်သည်။
တိုက်ပွဲများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ စစ်တပ်က နိုင်ငံရေး က မထွက်သည့်အပြင် တိုင်းရင်း သားများ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးကို လက်မခံပဲ ငြင်းပယ်သောကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည် ဟု NUG က ဆိုသည်။