မြို့သိမ်းတိုက်ပွဲများ အရှိန်မြှင့်မည်ဟု NUG ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
‘၁၀၂၇’ စစ်ဆင်ရေးနဲ့အတူ မြို့သိမ်းတိုက်ပွဲများကို အရှိန်အဟုန်မြင့်ပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။
‘၁၀၂၇’ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ပြည်သူ့ ကာ ကွယ်ရေး တပ်မတော် PDF တပ်ဖွဲ့များကလည်း မြို့သိမ်းတိုက်ပွဲများမှာ ပါဝင်တိုက်ခိုက်နေသည်ဟု NUG က ဆိုသည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ က “၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်ဟာ ပြည်တွင်းပြည်ပက လူထုတစ်ရပ် လုံးကို မျှော်လင့်ချက်ရောင်ခြည် အမြင့်မားဆုံးအထိ ထွန်းလင်းနိုင်ခဲ့တာကို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်ပါ တယ်။ ကျနော်တို့ဟာ ပူးပေါင်းစစ် ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ် သလို နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေး မှတ်ကျောက်ကို ရေးသွင်းနိုင်တဲ့ အချိန်ကို ရောက် လာပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ခုခံ တော်လှန်စစ်မှသည် မြို့သိမ်းပြည်သိမ်း တိုက်ပွဲအထိ တစ်လှိုင်း ပြီးတစ်လှိုင်း ဆက်လက်ချီ တက်နိုင်ကြမယ်လို့ ကျနော်အနေနဲ့ အထူးမျှော်လင့်ပါတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့ အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ၃၅ ကြိမ်မြောက် အစိုးရ အဖွဲ့ အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် ရှိသည့် ကောလင်းမြို့ကို မဟာမိတ်များနှင့်အတူ ပြည်သူ့ကာ ကွယ်ရေး တပ်မတော် PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သောကြောင့် အထူးဝမ်း မြောက် ဂုဏ်ယူစရာဖြစ်စေသည်ဟု NUG ယာယီသမ္မတ က ပြောသည်။
နောက်ထပ်လုပ်ဆောင်မည့် မြို့သိမ်းတိုက်ပွဲများနှင့် ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယခုကဲ့သို့ ပြောသည်။
“ကောလေင်းမြို့သိမ်းတိုက်ပွဲလိုပဲ တော်လှန်ရေး ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံချီတက်နေရတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲ ဖြစ်ပါတယ်။ စစ်ရေး ထိုးစစ်တွေနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေဟာ ဆင့်ကာဆင့်ကာနဲ့ ထပ်ပြီးတော့ တိုးတက်လာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီအောင်ပွဲတွေကို ကျနော်တို့ ဝမ်းမြောက်စွာ ကြိုဆိုသလို လေးနက်စွာ အားစိုက် ထပ်တိုးလုပ်ဆောင်ရမယ်လို့ အထူးပြောကြားလိုပါတယ်။”
၁၀၂၇ စစ်ဆင်ရေးနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့သိမ်းတိုက်ပွဲများသည် နွေဦးတော်လှန်ရေး၏ စစ်ရေး ထိုးစစ်ကို အရှိန်အဟုန်ပြင်းပြင်းနှင့် ဦးမော့စေခဲ့သည့်အပြင် မြို့သိမ်းတိုက်ပွဲများကို ယခုကဲ့သို့ လုပ်ဆောင်နိုင် ခြင်းကလည်း တော်လှန်ရေး တပ်ဖွဲ့များ၏ ညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှုများကြောင့်ဖြစ်သည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ဆက်ပြောသည်။
“နွေဦးတော်လှန်ရေး ကာလအတွင်းမှာ အကြီးကျယ်ဆုံးသော မြို့သိမ်း စစ်ဆင်ရေးတွေကို အချိန်အခါမဆိုင်းပဲ ထိုးစစ်ဆင် တိုက်ခိုက် နိုင်တာဟာ မဟာမိတ်အင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ညီညွတ် သော ပူးပေါင်း ပါဝင်မှုတို့ကြောင့် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် သိုသိပ်စွာ ကြိုတင်ပြင် ဆင်နိုင်စွမ်း ရှိတဲ့ စစ်ရေးစွမ်းရည်ကို စနစ်တကျ တည်ဆောက်ထားနိုင်လို့ဆိုတာကို မမေ့မလျော့ သတိချပ် စေချင်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးရဲ့ ညီညွတ်ရေး စွမ်းအားကို မြင့်နိုင်သမျှ မြင့်တင်ထားကြဖို့ အထူးလို အပ်ကြောင်း ပြော ချင်ပါတယ်။”
အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် နေ့က စပြီး နိုဝင် ဘာလ ၉ ရက်နေ့အထိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၂၈ ခုကို သိမ်းပိုက်ထားခဲ့ပြီဟု ညီနောင်မ ဟာမိတ် ၃ ဖွဲ့က ပြောသည်။
လက်ရှိတိုက်ပွဲများကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ နွေဦးတော်လှန်ရေးကနေ ပေါက်ပွားလာသည့် တော်လှန် ရေး အဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ စစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်နေပြီး သတ်မှတ်ထား သည့် စစ်ရေးပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထား သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစား လိမ် လည်မှု ပပျောက်ရေး အပါအဝင် ရည်ရွယ်ချက် ၅ ချက် နှင့် ‘၁၀၂၇’ စစ်ဆင်ရေးကို စတင်ခြင်းဖြစ်သည်ဟု ပြော ဆိုထားသည်။