အင်းအမျိုးသားနေ့ပွဲတော်ကို ပြည်သူများ မပူးပေါင်းရန် တော်လှန်ရေးအင်အားစုများတောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ကျင်းပမည့် အင်းအမျိုးသားနေ့ ပွဲတော်အား အင်းလေး ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ခြင်း မပြုကြရန် ဒေသတွင်း တော်လှန်ရေး အင်အားစုများက တောင်းဆိုထားသည်။
တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ (နိုဝင်ဘာလ ၁၃ ရက်နေ့ – ယနေ့) တွင် ကျင်းပမည့် ပွဲတော်အား စစ်ကောင်စီ အပါအဝင် ၎င်းတို့ လက်အောက်ခံ အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ပျူစောထီးများက ဦးဆောင်ကျင်းပမည် ဖြစ်သောကြောင့် ဆန့်ကျင် သပိတ်မှောက် ကြရန် တောင်းဆိုထားခြင်း ဖြစ်သည်။
အင်းအမျိုးသမီး သမဂ္ဂအဖွဲ့ (IWU) ၏ အတွင်းရေးမှူး မကြိုးကြာက “ကျမတို့ အနေနဲ့ စစ်ကောင်စီက ဦးဆောင် ကျင်းပ ပြုလုပ်တဲ့ပွဲကို ပြည်သူတွေ အနေနဲ့ မပါဝင်စေချင်ဘူးပေါ့။ မသွားစေချင်ဘူးပေါ့။ ဘာလို့လဲဆိုရင် စစ် ကောင်စီတပ်တွေ ရှိတဲ့ နေရာတိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တော်တော်များများက တိုက်ခိုက်နေပြီ ပေါ့နော်။ တကယ်လို့ ဒီပွဲမှာ ဆိုရင်လည်း တော်လှန်ရေး တပ်ဖွဲ့တွေ ရောက်မလာဘူးလို့ မပြောနိုင်ဘူးပေါ့။ အဲ့ဒီ အတွက်ကြောင့် မသွားပါနဲ့လို့ ပြောချင်တယ်” ဟု ပြောသည်။
COVID – 19 ကပ်ရောဂါဘေးနှင့် စစ်အာဏာသိမ်းမှု ဖြစ်စဉ်များကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ၃ နှစ်ကြာ ရပ် ဆိုင်းခဲ့ရသည့် ပွဲတော်အား စစ်ကောင်စီမှ နိုင်ငံရေး အမြတ်ထုတ်ခြင်းနှင့် လူမျိုးရေး ပဋိပက္ခများ ဖန်တီးလိုခြင်း ကြောင့် ပြန်လည် ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ယခင် ၂၀၂၀ မတိုင်ခင်က ညောင်ရွှေမြို့ တစ်နေရာတွင်သာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ညောင် ရွှေမြို့အပြင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနီးရှိ စံကားကျေးရွာတွင်လည်း ထပ်တိုး ကျင်းပသည်ဟု ဒေသခံများက ပြောသည်။
အင်းလေး ပြည့်ကာကွယ်ရေးတပ် (IPDF)၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးကလည်း “မသွားမနေ သွားရမယ့် လူ တွေအတွက် ဆင်ဆင်ခြင်ခြင် သွားစေချင်တယ်။ နောက်ပြီးတော့မှ ဒီပွဲကြီးကို ရှောင်လို့ရရဲ့သားနဲ့ မရှောင်ပဲ သွားမယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ အုပ်စိုးတဲ့ဒေသ၊ တော်လှန်ရေး တပ်ဖွဲ့တွေ ကြီးစိုး တဲ့ ဒေသတွေမှာ ဆိုရင် အသက်အမခံ အပြည့်အဝ ပေးနိုင်တယ်။ ဒါသည် စစ်ကောင်စီ အုပ်စိုးတဲ့ ဒေသဖြစ်တဲ့ အတွက် အတတ်နိုင်ဆုံး မသွားဖို့ တော်လှန်ရေးရဲဘော် တစ်ယောက် အနေနဲ့ သတိပေးချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပွဲသည် တစ်ခုမဟုတ် တစ်ခု ဖြစ်လာနိုင်တယ်။ ခဏနေ ကျနော်ပြောတဲ့ ၂ နေရာမှာ တစ်နေရာသည် ကျနော်တို့ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ဖြစ်တဲ့အတွက် မဖြစ်လာနိုင်ဘူးလို့လည်း မပြောနိုင်သလို ဖြစ်လာမယ်လို့လည်း အတိအလင်း မပြောနိုင်ဘူး” ဟု ပြောသည်။
ထပ်တိုး ကျင်းပမည့် စံကားကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)မှ အာဏာကြီး စိုးထားသည့် အပြင် ဦးဆောင်သူမှာလည်း မိုးဗြဲမြို့နေ စစ်ကောင်စီ အမာခံထောက်ခံသူ သူရအောင်ကို ဆိုသူ ဖြစ်သည် ဟု ဒေသတွင်းရှိ တက်ကြွလှုပ်ရှားသူများက ပြောသည်။
Justice Movement for Community – Innlay အဖွဲ့အစည်း တည်ထောင်သူ ဒေါ်ယုလှိုင်သင်းကလည်း “ဒီဟာက လေ ရှင်းနေတာပဲ သိလား။ ဘာလို့လဲဆိုတော့ အကြမ်းဖက်အုပ်စုကနေ ပြီးတော့မှ သူတို့ကို ဆန့်ကျင်တော်လှန် နေတဲ့ လူထုတွေ စိတ်အာရုံ ပြောင်းသွားအောင်ရယ်၊ တော်လှန်ရေး အင်အားစုတွေ အားပျော့သွားအောင်ရယ် ပေါ့နော်။ နောက်တစ်ခုကျတော့ နိုင်ငံတကာ Level မှာ မြန်မာနိုင်ငံက အေးချမ်းလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲတွေ ကျင်းပနေပြီ ဆိုတဲ့ဟာမျိုးတွေ သူတို့ ပြချင်တာပေါ့နော်။ ဒီ ၃ ချက်ကြောင့် အတင်းဖိအားပေးပြီး လုပ်ခိုင်းနေ တာပေါ့နော်။ ဒါကျမတို့ရဲ့ အမြင်ပေါ့နော်” ဟု ပြောသည်။
အင်းလေးဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလကလည်း ၃ နှစ်ကြာ ရပ်ဆိုင်းခဲ့ရသည့် ဒေသစာရီ ကြွချီပူဇော် ပွဲတော်အား စစ်ကောင်စီမှ ဦးစီးကျင်းပခဲ့ပြီး လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သား တစ်ဦး ဓါးဒဏ်ရာများ ဖြင့် သေဆုံးခဲ့သည်။
ဓါတ်ပုံ – (ပုံဟောင်း) ၂၀၁၆ တွင် ကျင်းပခဲ့သည့် အင်းအမျိုးသားနေ့ ပွဲတော်