ထားဝယ်မှ နိုင်ကျဉ်းတစ်ဦး အရေးပေါ် ဆေးရုံတင်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ထားဝယ်ထောင်တွင်း ဆေးခန်းတွင် ဆေးကုသမှုခံယူနေစဥ် သတိလစ်မေ့မျောသွားသည့် နိုင်ငံရေးအကျဥ်းသား တစ်ဦး အရေးပေါ်ဆေးရုံတင်ထားရသည်ဟု အကျဥ်းဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
အစာအိမ်အောင့်လာခြင်းကြောင့် ထောင်တွင်းရှိ ဆေးခန်း၌ နိုဝင်ဘာလ ၉ ရက်နေ့၊ ညနေပိုင်းတွင် ပြသပြီး နောက် သက်သာမှုမရှိဘဲ အခြေအနေ ပိုမိုဆိုးဝါးလာခြင်းကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်ဟု ပြောသည်။
ဆေးရုံတင်ထားရသူမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ်အမိန့်ချခံထားရသူ
အသက် ၂၀ အရွယ် ကိုမင်းသူ ဆိုသူဖြစ်ပြီး၊ ထပ်မံတရားစွဲဆိုထားသည့် ပုဒ်မ ၃ ခုကိုလည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ထောင်တွင်း တာဝန်ရှိသူက ပြောသည်။
“ထောင်ဆေးခန်းပြတဲ့အချိန် ဆေးထိုးပြီးတာနဲ့ သတိလစ်သွားတာလို့ ကြားရတယ်။ ဆေးထိုးမှားသွားတာလို့ လည်း ထောင်ထဲက သူ့ရဲ့ အခန်းဖေါ် အပေါင်းအသင်းတွေက တဆင့် သိရတယ်” ဟု ကိုမင်းသူ၏ မိသားစုဝင် တစ်ဦးက ပြောသည်။
သတိလစ်သွားသည်အထိ ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာသည့် ကိုမင်းသူကို အကျဥ်းထောင်တာဝန်ရှိသူများ က ထားဝယ်ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်များထံ အကြောင်းကြားပေးခဲ့သည်ဟု ၎င်းမိသား စုဝင်က ဆက်ပြောသည်။
သတိပြန်လည်ရရှိကာ အစာအိမ်ရောဂါ အခြေအနေ အနည်းငယ် သက်သာလာပြီဖြစ်သည့် ကိုမင်းသူမှာ ထား ဝယ်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ဆက်လက်ခံယူနေရဆဲ ဖြစ်သည်ဟုလည်း မိသားစုဝင်များက ပြောသည်။
ထားဝယ်အကျဥ်းထောင်အတွင်း အချုပ်နှင့်ထောင်ကျ အကျဥ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင် ရန် ဆေးခန်းငယ်တစ်ခုသာ ရှိနေပြီး ဆေးဝါးများ ပြည့်စုံမှုမရှိသလို အရေးပေါ်အခြေအနေများကို ကုသပေးနိုင် ရန် အတွက် ကြိုတင်ပြင်ဆင်ထားမှုများလည်း မရှိကြောင်း မကြာသေးမှီက ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေး အကျဥ်းသားဟောင်း တစ်ဦးက ပြောသည်။
ထားဝယ်အကျဥ်းထောင်အတွင်း အကျဥ်းသား၊ အကျဥ်းသူစုစုပေါင်း ၁၀၀၀ ခန့်ရှိကာ နိုင်ငံရေးအကျဥ်းသား ၅၀၀ ဝန်းကျင်ခန့်ရှိနေသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ထားဝယ်ထောင်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၃ နှစ်ကျခံနေရသူ အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်း ဆိုသူ အမောဖောက်ပြီး ဆေးရုံတင်ချိန်တွင် သေဆုံး သွားခဲ့ဖူးသည်။