သီပေါ-ကျောက်မဲ ဆက်သွယ်ထားသော တံတား TNLA ဖျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းက စစ်ကောင်စီ၏ ကျင်တီတံတား တပ်စခန်းကို တအာင်း တပ်မတော် TNLA က မနေ့က သိမ်းပိုက် ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီ၏ ကျင်တီတံတား တပ်စခန်းကို တအာင်းတပ်မတော် – PSLF/TNLA က နိုဝင်ဘာ ၁၂ ရက်နေ့ (ယမန်နေ့) နံနက် ၅ နာရီခွဲ အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ဒေသခံ အမျိုးသားတစ်ဦးက “၁၂ ရက်နေ့ မနက်ပဲ ဖြစ်တာ။ တံတားလည်း ပါသွားတယ်။ အခု အဲ့ဒီတံတားက သွားလို့ မရတော့ဘူး။ အဲ့ဒီကျင်တီတံတားမှာ အခု TNLA တပ်က ဝင်ထိုင်နေတယ်” ဟု ပြောသည်။

ကျင်တီတံတားမှာ ကျောက်မဲနှင့် သီပေါကြား ဆက်သွယ်ထားသည့် တံတား ဖြစ်ပြီး သီပေါနှင့် မိုင်ပေါင်း ၇ မိုင်ခန့်သာ ဝေးပြီး ဘော်ကြိုကျေးရွာနှင့် ၁ မိုင်ခန့် အကွာတွင် ရှိသည်။

အဆိုပါ တံတား ပျက်စီးသွားသောကြောင့် သီပေါမှ ကျောက်မဲသို့ သွားလာ၍ မရတော့သည့်အပြင် လားရှိုးဘက် အထွက် တံတားကိုလည်း စစ်ကောင်စီက ပိတ်ထားလိုက်သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ကျင်တီတံတား တပ်စခန်းနေရာကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်အနေဖြင့် နိုဝင်ဘာ လ ၁၂ ရက်နေ့ တနေ့လုံးနီးပါး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေပြီး နှစ်ဖက်ကြားလည်း ပစ်ခတ်မှု တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

“ဒီမှာတော့ တနေကုန်ပစ်နေကြတာ။ အလုံးရေတောင် မရေနိုင်တော့ဘူး။ လက်နက်ကြီးတွေ ဆက်တိုက်ပဲဗျ။ အစပိုင်း TNLA က သိမ်းပြီး သိပ်မကြာဘူး စစ်တပ်ဘက်ကလည်း ဆက်တိုက် လက်နက်ကြီးနဲ့ပစ်၊ အဲ့ဒီနောက် တော့ နှစ်ဖက်စလုံးက ပြန်ပစ်ကြတဲ့ အသံတွေ ထပ်ကြားရတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေကြ တုန်းပဲ။ ကျနော်တို့လည်း ဘယ်မှမသွားရဲဘူး” ဟု ဘော်ကြိုရွာသား တစ်ဦးက ပြောသည်။

နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျင်တီကျေးရွာထဲ ထိမှန်ပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည့်အပြင် အရပ်သား ပြည်သူထိခိုက်မှုများလည်း ရှိနေ သည်ဟု ဒေသခံများက ပြောသည်။

သို့သော် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် လူဦးရေ ထိခိုက်မှု နှင့် နေအိမ်ပျက်စီးမှု စာရင်းကို အတိအကျ မသိရသေးဘူးဟု ဆိုကြသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများဘက်မှလည်း ကျင်သီတံတား တပ်စခန်း ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည် ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

‘၁၀၂၇’ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ညီနောင်မဟာ မိတ် ၃ ဖွဲ့က ရှမ်းမြောက် မြို့ ၆ မြို့နှင့် စစ်ကောင်စီ၏ တပ်စခန်း (၁၅၀) ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဟု ထုတ် ပြန်ထားသည်။