ကျောက်တော် မြို့ရဲစခန်း လက်နက်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရဲစခန်းတစ်ခုလုံး ULA/AA ထံ လက်နက်ချ အဖမ်းခံလိုက်သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ (ယနေ့)တွင် အဆိုပါ ကျောက်တော်မြို့ရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ လက်နက်ချလိုက်ခြင်း ဖြစ်သည်ဟု ကျောက်တော် ဒေသခံများက အတည်ပြုပြောဆိုသည်။

“ကျောက်တော်မြို့နယ် အပေါက်ဝ ရဲစခန်းပေါ့ အဲ့ဒီမှာ ၁၁ နာရီ ဝန်းကျင်လောက်က တစ်စခန်းလုံးလက်နက်ချ ပြီး အလင်းဝင်သွားတာပေါ့။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ အားလုံးပေါင်းရင် အယောက် ၄၀ လောက်ရှိ တယ်လို့ ပြောတယ်။ ၄၀ နီးပါး လက်နက်ချသွားတယ်” ဟု အပေါက်ဝ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်တော်မြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိသော အပေါက်ဝကျေးရွာ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များက လက်နက်ချ အဖမ်းခံလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

ကျောက်တော်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိသေးသော်လည်း ဒေသခံများကလည်း ပြင်ဆင်မှု များ လုပ်ထားကြသည်ဟု ဆိုသည်။

ကျောက်တော်ဒေသခံတစ်ဦးက “ဒီကကျောင်းလည်း ပိတ်လိုက်တယ် မနက် ၁၁ နာရီလောက်မှာ ကျောင်းခေါင်း လောင်းထိုးပြီး ကျောင်းသားတွေ အကုန်ကျောင်းဆင်းသွားကြပြီ။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ မင်းပြားတို့ ရသေ့တောင်တို့ဘက်မှာ ဖြစ်တာကြားတော့ ဒီမှာလည်း ပြင်ဆင်တာမျိုးတော့ လုပ်ကြတယ်။ အရင်ကတည်း ကလည်း ဒီကလူတွေက ကတုတ်ကျင်းတွေ ဘာတွေက တူးထားကြတယ်” ဟု ပြောသည်။

အဆိုပါ အပေါက်ဝရဲစခန်းကို လက်ရှိတွင် ULA/AA က ထိန်းချုပ်ထားပြီး လက်နက်ချလာသည့် ရဲတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဘေးလွှတ်ရာ နေရာဆီသို့ ပြောင်းရွှေ့ပို့ဆောင်ပေးထားပြီဟု သိရကြောင်း အဆိုပါ ကျောက်တော် ဒေသခံက ဆက်ပြောသည်။

ကျောက်တော်ဒေသခံက “ကျောက်တော်မြို့နယ်မှာ စစ်ဒေသ ၃ ခုရှိတယ်။ ကျောက်တော်မြို့နယ် နယ်နိမိတ် တချို့ကို ဖြတ်ပြီး နေထားတဲ့ဟာပေါ့။ ယူထားတဲ့ဟာပေါ့။ ကျောက်တော်အောက်ဖက်၊ ကုလားတန် အရှေ့ ဘက်နဲ့ ကျောက်တော် အောက်ဖက်ပေါ့။ ကျောက်တော်အထက်ဘက်ရောပေါ့ အဲ့ဒီ စစ်ဒေသတွေပေါ့။ အဲ့ဒီနယ် မြေတွေမှာကျတော့ ကြိုတင်ပြင်ဆင်မှုတွေ အကုန်လုံး၊ ပြည်သူလူထုကို နယ်လှည့်ပြီးတော့ပေါ့လေ။ တာဝန်ရှိ တဲ့ စည်းရုံးရေးခေါင်းဆောင်တွေ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံတွေ၊ အုပ်ချုပ်ရေးခေါင်းဆောင်တွေက ဒီ ULA အဖွဲ့ဝင်တွေကပေါ့ ဟောပြောတာတွေ၊ လူထုတွေကို စီစဉ်ခိုင်းထားတာတွေ ပြင်ဆင်ခိုင်းထားတာတွေ ရှိတယ်” ဟု ဆက်ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့၊ ယနေ့ နံနက်ပိုင်းက စတင်၍ ရခိုင်ပြည်နယ်၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်များထဲ ရက္ခိုင့်တပ်တော် ULA/AA က စစ်ကောင်စီတပ်၏ နယ်ခြားစောင့်စခန်းနှင့် စစ်ကားတို့ကို တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား စစ်ရေးတင်းမာလျှက်ရှိပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။

ထို့သို့ နှစ်ဖက်ကြား တင်းမာနေသည့် အခြေအနေမျိုးတွင် ကျောက်တော်မြို့ရှိ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများသည် ULA/AA ထံ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ချ အဖမ်းခံလိုက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ အပါအဝင် မြို့နယ်အချို့၏ အဝင်အထွက်လမ်းများတွင် စစ်ကောင်စီက လမ်းများကို ပိတ်ထားခဲ့ရာ ယနေ့ နံနက်ပိုင်းမှာစတင်၍ မြောက်ဦးမြို့အထက်ဘက်တွင်လည်း စစ်ကောင်စီတပ်က လမ်းကို ပိတ်ထားလိုက်သည်ဟု ဒေသခံများက ပြောဆိုသည်။