ရှမ်းမြောက် စစ်ကူပို့ရာတွင် အရပ်ကားများကို သုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်းမှ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ စစ်ကူပို့ရာတွင် စစ်ကောင်စီက ယခင် စစ်ကားများ အစား ကုမ္ပဏီပိုင် ကုန်ကားများနှင့် အိမ်စီးကားများကို ပြောင်းလဲ အသုံးပြုလာသည်ဟု မျက်မြင် တွေ့ရှိသူများ က ပြောသည်။

တောင်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ၊ ပြည်ထောင်စု လမ်းမပေါ်ရှိ အမှတ် ၂၂၂ ထောက်ပံ့ရေးတပ်နှင့် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) စသည့်တပ်ဝင်းများမှ တပ်သားများအား ၁၂၀၇ စစ်ဆေးရေး စတင်သည့် အောက်တိုဘာလ နောက်ဆုံးအပတ် ကတည်းက ယခုကဲသို့ ပို့ဆောင်နေခြင်း ဖြစ်သည်။

မျက်မြင်တွေ့ရှိသူ တစ်ဦးက “နေ့နေ့ညည တွေ့နေတာပဲ။ ကားတွေက ကုမ္မဏီကားတွေကို တံဆိပ် ခွာထားတာ။ အောင်သပြေတပ်ဝင်းထဲ ဝင်လိုက်ထွက်လိုက်။ ကားထဲ စစ်သားတွေဝင်ပြီး မိုးကာ အုပ်လိုက်တာ။ တချို့က အရာရှိလားတော့ မသိဘူး အိမ်စီးကားတွေနဲ့” ဟု ပြောသည်။

မန္တလေး၊ မိတ္ထီလာ၊ သာစည် စသည့် မြို့များမှ ကုန်တင်ကား၊ တွဲကားများမှာ ယခင် တောင်ကြီးမြို့သို့ တိုက်ရိုက် တက်လာသော်လည်း ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နောက်ပိုင်းမှစပြီး အမှတ် ၂၂၂ တပ်ဝင်းတွင် ညအိပ်နားရ သည်ဟု ဆိုသည်။

ထို့နောက် နောက်ရက်တွင် ကားဒရိုင်ဘာများမှာ စစ်ကားများဖြင့် ပြောင်းစီး၍ တောင်ကြီးမြို့သို့ တက်လာကြပြီး မူရင်း ကုန်တင်ကား၊ တွဲကားများအား စစ်ကောင်စီက အသုံးပြု၍ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ထွက်ခွါသည်ဟု ဒေသခံများက ပြောသည်။

“အောင်သပြေ တပ်ဝင်းမှာ ညအိပ်တဲ့ ကုန်ကားတွေက မနက်လင်းတာနဲ့ ဟဲဟိုး – ရပ်စောက် – နောင်ချို လမ်း ကနေ ရှမ်းမြောက်ကို တက်တာ။ တစ်ခါသွားရင် အစီး ၅၀ နီးပါး အတန်းရှည်ရီး။ အမြန်မောင်းပြီး တစ်လမ်း လုံး ဟွန်းတီးသွားတာ” မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆက်ပြောသည်။

အလားတူ ကယား (ကရင်နီ)ပြည်ဘက်သို့ စစ်ကူပို့ရာတွင်လည်း ယခင် စစ်ကားအစား ကုန်ကား၊ တွဲကားများ အား အသုံးပြုနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ကရင်နီပြည်မှ ရှေ့တန်းပြန်လာသည့် ကုန်ကား၊ တွဲကားမှားမှာ ကလောမြို့နယ်၊ တီကျစ်ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ – ၅၁၁ တပ်ဝင်းတွင် ညအိပ်နားလေ့ရှိပြီး နောက်ရက်တွင် မူရင်း စစ်ကားများ ပြောင်းစီး၍ မိခင် တပ်ရင်းသို့ ပြန်ကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။