လေယာဉ်ကို ပစ်ချလိုက်ခြင်းဖြစ်သည်ဟု KNDF က ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ကရင်နီ (ကယား)ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများထဲ ကရင်နီ ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက စစ်ကောင်စီ၏ လေယာဥ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူများက အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ လေယာဉ်အား ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF-B01 နှင့် ကရင်နီ တပ်မ တော် KA တို့က ပွိုင့်ဖိုက် 0.5 သေနတ်အမျိုးအစားဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၄ နာရီကျော် အချိန်တွင် ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု KNDF ၏ စစ်ရေးချုပ် ခူးရီးဒူ က အတည်ပြုပြောဆိုသည်။

”လေယဥ်ပစ်ချတာတော့ အတည်ပြုပါတယ်။ ကျနော်တို့ ပစ်ချတာကတော့ ဂျက်ဖိုက်တာပါ။ ၄ နာရီကျော် စွန်းစွန်းလောက်မှာ ပစ်ထိပြီးတော့ ညနေ ၅ နာရီ မတိုင်ခင်မှာတော့ ကျသွားတယ်ပေါ့လေ။”

အဆိုပါ လေယာဉ်မှာ တရုတ်နိုင်ငံထုတ် K-8 အမျိုးအစား တိုက်ယောဥ်ဖြစ်ပြီး ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ် ကမာဒီပိုလီနှင့် မရောပိုလီကျေးရွာကြား တောင်ယာတဲ အနီးတွင် တွေ့ရှိခဲ့သည်ဟု အမျိုးသားညီညွတ် ရေး အစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သို့သော် ယခုပျက်ကျသွားသည့် လေယာဉ်မှ လေယာဉ်မှူး နှစ်ဦးမှာမူ လေထီးဖြင့် ခုန်ချသွားပြီး ယနေ့အချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ လွတ်မြောက်နေသော လေယာဉ်မှူး နှစ်ဦးအား စစ်ကောင်စီတပ်နှင့် ကရင်နီ ကာကွယ်ရေး ပူးပေါင်းတပ် နှစ်ဖက်စလုံးက ရှာဖွေမှုများ လုပ်ဆောင်နေကြသည်ဟု KNDF သတင်းအရင်းအမြစ်များက ဆိုသည်။

လေယာဥ်မှူးနှစ်ဦး အရေးပေါ် ခုန်ဆင်းခဲ့သော ကရင်ပြည်နယ်၊ ယာဒိုကျေးရွာ အနီးတွင် လေထီးနှင့် အခြား ဆက် စပ် ပစ္စည်းများဖြစ်သော စကားပြောစက်ကြီး တစ်လုံး၊ လက်ကိုင်စကားပြောစက် တစ်လုံး၊ ကယ်ဆယ်ရေး လေထိုး လှေငယ်တစ်စင်း၊ အသက်ရှူ အောက်စီဂျင်စက် တစ်စုံ၊ လေသူရဲ ဦးထုပ်တစ်လုံး၊ လေယာဉ်မှူး ထိုင်ခုံ တစ်ပိုင်းနှင့် ဆေးဝါးဓာတ်စာများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF စစ် ရေးချုပ် မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်ကလည်း လေယာဥ်ပျက်ကျမှုကို အတည်ပြုခဲ့ပြီး စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောဆိုထားသည်။

ထိုလေယာဥ်အား နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်သော စစ်ဆင်ရေးအတွင်း၌ ပစ်ချခဲ့ခြင်းဖြစ်ပြီး ဒီးမော့ဆို၊ မိုးဗြဲ နှင့် လွိုင်ကော်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်များ ကာလကြာမြင့်စွာ အထိုင်ချတပ်စွဲထားခဲ့သော စစ်စခန်း (၇) ခု ကိုလည်း ကရင်နီ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက အပြီးသတ် သိမ်းယူနိုင်ခဲ့ ကြသည်။

ထို့အတူ စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ကြီး၊ လက်နက်ငယ် ပေါင်းစုံ (၁၀၀) နီးပါး နှင့် ခဲယမ်းကျည်ဆံ များကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကရင်နီတပ်ပေါင်းစု၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

စစ်ဆင်ရေး ပထမနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အလွန်အကျွံသုံး ပစ်ခတ်ခဲ့ရာ လူနေအိမ်များ အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ထိုထုတ် ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ပြုလုပ်ခဲ့သော စစ်ဆင်ရေးအား ‘၁၁.၁၁ စစ်ဆင်ရေး (11.11 Operation)’ ဟု အမည်ပေးထားပြီး တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသည့် KA၊ KNDF၊ KNPLF၊ DMO Local PDF၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) အလယ်ပိုင်းတိုင်း ရှမ်းတောင် စစ်ဒေသခွဲ နှင့် ကယား(ကရင်နီ) စစ်ဒေသခွဲ PDF တပ်ရင်းများ အားလုံး ပူးပေါင်းဖော်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

အလားတူ ယခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း ရွာသစ်မြို့နယ် တာဆန်းလဲကျေးရွာ အနီးတွင် ပျံဝဲလာသော စစ် ကောင်စီ၏ စစ်လေယာဥ်တစ်စီးကိုလည်း ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များက ပစ်ချခဲ့ပြီး ယခုအကြိမ် ပစ်ချမှုနှင့် ဆိုပါက ခြောက်လအတွင်း ကရင်နီဒေသတွင် စစ်ကောင်စီ၏ လေယာဉ် နှစ်စီးကို ပစ်ချနိုင်ခဲ့ခြင်း ဖြစ် သည်။