ရခိုင်တွင် တိုက်ပွဲများ ဖြစ်ပွား၊ အရပ်သား ထိခိုက်မှုများရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ရခိုင်ပြည်အတွင်းရှိ ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအနီးက မေယုတောင်အနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၄ နာရီကျော်အချိန်ကစပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ပြောသည်။
ထို့အပြင် မင်းပြားမြို့နယ်၊ တိုင်းဗဟို ၉၊ ဖားပြိုကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
“တိုက်ပွဲက ဒီနေ့ မနက်အစောကြီးကတည်းက ဖြစ်နေတယ်။ ၄ ချက်ထိုးပေါ့ ၄ နာရီလောက်မှာ စဖြစ်တယ်။ ဒီနေ့ မနက်က ရသေ့တောင်နယ် ဒုံးပိုက် ချိန်ကလိန် အဲ့ဒီနားမှာ ဖြစ်တယ်။ နယ်ခြားစောင့် ရဲစခန်းနေရာမှာ ဖြစ် တာ။ AA က သွားတိုက်တာပါ။ အဲ့စခန်းကိုလည်း သိမ်းလို့ရတယ်လို့တော့ ကြားထားတယ်။ နည်းနည်း ဝေး တော့ အတည်ပြုဖို့တော့ နည်းနည်းခက်တယ်။ ဒီစစ်ကားကိုသွားတိုက်တာကတော့ မင်းပြား တိုင်းဗဟို ၉ ဖားပြိုရွာ အနီးမှာ ဖြစ်တယ်။ တိုင်းဗဟို ၉ က ထွက်လာတဲ့ ကားနှစ်စီးကို တိုက်နိုင်တယ်လို့တော့ ကြားတယ်။ အသေးစိတ်တော့ မသိရဘူး။ ဖားပြိုရွာနားမှာပေါ့” ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲထဲတွင် မင်းပြားမြို့နယ်ရှိ ကျေးရွာတစ်ရွာထဲသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ တစ်ဦးလည်း ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ သို့သော် ဒဏ်ရာရရှိသူ၏ နောက်ဆုံးအခြေအနေနဲ့ အသေးစိတ်အခြေအနေကိုမူ မသိရသေးဘူးဟုဆိုသည်။
ရသေ့တောင်နှင့် မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်တွေမြို့ အဝင်အထွက် နေရာ လမ်းမကြီးကိုပါ စစ်ကောင်စီဘက်က ပိတ်ထားလိုက်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံ အမျိုးသားတစ်ဦးက “စစ်တွေမြို့ အဝင်အထွက်နေရာကို ပိတ်လိုက်တာ ဟုတ်တယ်။ ရခိုင်တပြည်နယ် လုံးလိုလိုက ကားလမ်းတွေ တော်တော်များများကိုလည်း ပိတ်ထားတယ်။ ဘယ်အချိန်ထိပိတ်ထားမလဲတော့ မသိဘူး။ တချို့မြို့တွေဆို အစိုးရကျောင်းတွေ ဒီနေ့ နေ့လည် ၁၁ နာရီလောက်ကစပြီး ဆင်းသွားကြတယ်။ ကျောင်းတွေပိတ်ထားတယ်။ လူထုတွေကတော့ စားနပ်ရိက္ခာတွေ၊ ကြိုတင်ပြင်ဆင်မှု၊ ကာဗာကျင်း၊ ဗုံးခိုကျင်း တွေတော့ ပြင်ဆင်ထားတယ်။ တနေ့လုပ် တနေ့စားတွေအတွက်တော့ အဆင်မပြေဘူးပေါ့လေနော်” ဟု ပြော သည်။
အငူမော်-မောင်တော ကားလမ်းပေါ်ရှိ ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းများကို AA က ယနေ့ နံနက် အစောပိုင်းက ဝင်တိုက်ခဲ့ရာ၊ ထိုသို့တိုက်ခိုက်ခံရပြီးနောက် မွန်းလွှဲပိုင်းအချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲများ ဆက် လက်ဖြစ်နေပြီး ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးပစ်ကူနေကြသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် ချိန်ခါလိန်၊ ဒုံးပိုက်၊ ကိုးတန်ကောက်အပါအဝင် အနီးအနား ကျေးရွာ ၇ ရွာခန့်မှာ ဒေသခံများလည်း ဘေးလွှတ်ရာကို ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။
ယနေ့နံနက် ရခိုင်တွင် ဖြစ်ပွားလာသည့် တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခ တို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
ရခိုင်ပြည်နယ်ထဲတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်နှင့် AA တို့သည် လူသားချင်း စာနာမှုဆိုင်ရာအရ အပစ်ခတ်ရပ်စဲခဲ့ကြရာမှ ၁ နှစ်ခန့် အကြာတွင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်စတင်ဖြစ်ပွား လာခြင်း ဖြစ်သည်။
ဓါတ်ပုံ – ပုံဟောင်း (ULA/AA)