ပုလောမြို့နယ် လယ်ကွင်းထဲတွင် စစ်ကောင်စီထုတ် ဗုံးသီးနှင့် ကျည်ဆံများ တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ လယ်ကွင်းထဲ အသုံးမပြုရသေးသည့် စစ်ကောင်စီထုတ် ဗုံးသီးနှင့် ကျည်ဆံ များကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တွေ့ရှိခဲ့သည့် စစ်သုံးပစ္စည်းများမှာ အီနာဂါဗုံးသီးတစ်လုံး၊ MA စီးရီး ရိုင်ဖယ်သုံး ကျည်ဘောက် ၁ ခုနှင့် ကျည် ဆံ ၂၁ တောင့်တို့ ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ပြောသည်။

မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက “အခုကောက်ရတဲ့ ပလလယ်ကွင်းတွေထဲမှာ မကြာခဏ ဖြစ်ဖူးတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကျ ကျန်ခဲ့တာဖြစ်ဖို့များတယ်၊ အီနာဂါ ဗုံးသီးကလည်း ကပစ- စက်ရုံထုတ်ပါပဲ” ဟု ပြောသည်။

စပါးစိုက်ခင်း အခြေအနေကို ကြည့်ရန် နိုဝင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းက လယ်ထဲဆင်းသည့် ဒေသခံလယ်
သမားတစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လယ်ကွင်းအတွင်း တွေ့ရှိခဲ့သည့် ဗုံးသီး၊ ကျည်ဘောက်နှင့် ကျည်ဆံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သိမ်းဆည်း ယူဆောင်သွားခဲ့သည်။

ပလမြို့နှင့် အနီးတဝိုက် နေရာများတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏတိုက်ပွဲ ဖြစ်ပွားခြင်းများ၊ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်စဥ်များ အပြင် လယ်ကွင်းများအတွင်း မပေါက်ကွဲသေးသည့် ဗုံးဆံများ ရှိနေခြင်းတို့ကြောင့် လယ်ယာနှင့် ဥယျာဥ်ခြံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရမည့် သူများမှာ စိုးရိမ်ပူမှုများ ကြုံနေကြရသည်ဟု ရွာသားများက ပြောသည်။

ပလမြို့ ရဲစခန်းအနောက်ဘက်မှ လယ်ကွင်းအတွင်း စပါးစိုက်ပျိုးရန် လယ်ထဲဆင်းသူတစ်ဦး ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သည်။

ထို့အပြင် ကိုအောင်ဇော်လတ် အသက် ၂၆ နှစ် နှင့် ဦးဖိုးလူ အသက် ၄၆ နှစ်တို့ ၂ ဦးမှာ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ပလမြို့အနီး မင်းပြင်ကျေးရွာရှိ ကိုးပင်တောင်တွင် သစ်ချ သီးစေ့ (သစ်တစေ့) ကောက်ရန်သွားစဉ် မိုင်းနင်းမိခဲ့ပြီး ကိုအောင်ဇော်လတ်ဆိုသူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။