စရဖ အရာရှိ၏ မိဘနှစ်ဦး သတ်ဖြတ် မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ အရာရှိတစ်ဦး၏ မိဘနှစ်ဦး သတ်ဖြတ် မီးရှို့ခံလိုက်ရသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ ရေတံခွန်အနီးရှိ ၆ ဖာလုံခန့်သာ ကွာဝေးသည့် ဥယျာဥ်ခြံအတွင်း လင်မယား နှစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းများကို မီးရှို့ထားသည်ဟု မြို့ခံများက ပြောသည်။

သရက်ချောင်းမြို့ခံတစ်ဦးက “ညနေပိုင်း လူတွေသိတဲ့အချိန် တဲတွေမှာ မီးကလောင်နေတုန်းပဲ။ ဝိုင်းပြီး ငြိမ်း သတ်ကြရတာ။ တဲအထဲမှာ လင်မယား ၂ ယောက် စလုံးကို သေနတ်ထိမှန်ထားတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ် နေရာအနှံ့ မီးလောင်ထားတဲ့ အလောင်းတွေကို တွေ့ရတာ။ ယောက်ကျားလုပ်သူ ရင်ဘတ်မှာ သေနတ် ဒဏ်ရာ ပိုများတယ်” ဟု ပြောသည်။

သရက်ချောင်းမြို့ပေါ်တွင် နေထိုင်ကြသူ ဦးသိန်းထွန်း အသက် ၆၀ နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်း အသက် ၅၇ နှစ်တို့ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

သရက်ချောင်းရေတံခွန်အနီးရှိ ၎င်းတို့ပိုင်ဆိုင်သည့် ဥယျာဉ်ခြံအတွင်း အလောင်းများကို နိုဝင်ဘာလ ၁၆ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်က တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ဥယျာဉ်ခြံအတွင်းရှိ တဲနှစ်လုံးနှင့်အတူ အလောင်းများကို မီးရှို့ထားသည်ကို တွေ့မြင်ခဲ့ရပြီး အသတ်ခံရသူ လင် မယားနှစ်ဦးတို့၏ သားဖြစ်သူမှာ ရေဖြူမြို့နယ်တွင် တာဝန်ကျနေသည့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ အရာ ရှိတစ်ဦးဖြစ်သည်ဟု မီးငြိမ်းသတ်ရာပါဝင်ခဲ့သူ သရက်ချောင်းမြို့ခံများက ဆိုသည်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကမူ ဦးသိန်းထွန်းတို့ လင်မယား အသတ် ခံရခြင်းမှာ ၎င်းတို့အဖွဲ့နှင့် သက်ဆိုင်မှုမရှိကြောင်း၊ လက်သည် တရားခံများနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တပ်ဖွဲ့မှလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။

ယခင်ကလည်း သရက်ချောင်းမြို့နယ် အတွင်း၌ လက်သည်မပေါ်ဘဲ လက်နက်ကိုင် မဟုတ်သည့် အရပ်သား ပစ်သတ်ခံရသည့် ဖြစ်စဥ်အချို့ ရှိခဲ့ဖူးသည်။

ထို့အပြင် သရက်ချောင်းမြို့နယ် အနောက်ဘက်ခြမ်း ကပ္ပလီပင်လယ်ကမ်းစပ်ရှိ ကျေးရွာများကိုလည်း အမည်း ရောင်နယ်မြေဟု သတ်မှတ်ပြီး စစ်ကောင်စီတပ်က လနှင့်ချီ တပ်စွဲပိတ်ဆို့ကာ အကြိမ်ကြိမ်ဝင်မွှေနေကြောင်း ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြားလည်း တိုက်ပွဲများ ဆက်ဖြစ်နေပြီး လူသူ မရှိ သည့် ကျေးရွာများထဲရှိ နေအိမ်များ မီးရှို့ဖျက်စီးခံရခြင်း၊ နေအိမ်များထဲရှိ အဖိုးတန်ပစ္စည်းများ ခိုးယူခံရခြင်း များ ရှိနေသည်ဟု ရွာသားများက ဆိုကြသည်။

စစ်ကောင်စီတပ်သည် ယခုနှစ် ဇူလိုင်လကတည်းက မကြာခဏ စစ်ကြောင်းထိုးသဖြင့် သရက်ချောင်းမြို့နယ်ထဲ က ရငဲ၊ ကနက်သီရီ၊ ဝဲရစ်၊ ကမြိုင်၊ ကျွဲမင်းကုန်းနှင့် ကျောက်ခမောက်ကျေးရွာမှ ဒေသခံများ တိမ်းရှောင်နေရ ကြောင်း၊ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ အောက်တိုဘာလကုန်အထိ ပြန်လည် အခြေမချနိုင်ကြသေးဘူးဟု ဆိုကြသည်။