ဧရာဝတီတိုင်းအတွင်း စပါးထွက်နှုန်း ၃၀ ရာနှုန်းခန့်ကျ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
ဧရာဝတီတိုင်း အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီ စပါးထွက်နှုန်း မှာ ပုံမှန်ထွက်နှုန်း၏ ၃၀ ရာခိုင်နှုန်း နီးပါး အထိ လျော့ ကျခဲ့သည်ဟု ဒေသအတွင်းရှိ ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ဧရာဝတီတိုင်း အတွင်းရှိ မိုးစပါးထွက်နှုန်းမှာ နှစ်စဉ် တစ်ဧက စပါးတင်း ၅၀ နှုန်း ဝန်းကျင် အနည်းဆုံး ထွက်ရှိ သော်လည်း ယခုနှစ် မိုးရာသီ စပါးထွက်ရှိမှုမှာ ၁၄ တင်းနီးပါး လျော့ကျသွားခြင်း ဖြစ်သည်။
စပါးစေ့များ ရင့်မှည့်ကာ ရိတ်သိမ်းချိန် နီးပြီဖြစ်သော စက်တင်ဘာလကုန်ပိုင်း၊ အောက်တိုဘာအတွင်း နှင့် နိုဝင် ဘာလဆန်းအထိ မိုးသည်းထန်စွာရွာခြင်းနှင့် ရွှေခရုအပြင် ကြွက်ကိုက်ခြင်းတို့ကြောင့် ယခုကဲ့သို့ အထွက်နှုန်း လျော့ကျသွားခြင်း ဖြစ်သည်ဟု တောင်သူများက ပြောသည်။
လယ်ဧက ၂၀ ကျော် လုပ်ကိုင်သော တောင်သူ ဦးစံကျော်က ”ရိတ်သိမ်းချိန်နီးနေပြီ။ မိုးကနေ့စဉ် ဆက်တိုက် လို လို ရွာတော့ စပါးတွေ ပျက်တယ်လေ။ ကုန်းကျတဲ့အပိုင်းက လယ်တွေကတော့ နည်းနည်း သက်သာတယ်။ အနိမ့်ပိုင်း လယ်တွေက ပိုပျက်တယ်။ မိုးမိတဲ့စပါးကို ကျိတ်ခွဲတော့ ဆန်ကွဲ အကျများတယ်။ ဆန်ကောင်း သိပ် မရဘူး ဆန်ဝါတယ်” ဟု ပြောသည်။
ထို့အပြင် မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးလက်ဒေသများက လယ်ယာများကလည်း မိုးရာသီ အစောပိုင်းကာလက ရွှေခရုကိုက်ခြင်း၊ စပါးပင်များ ရင့်မှည့်ခါနီးအချိန်တွင် ကြွက်ကိုက်ခံရခြင်းတို့ ကြောင့် စပါးခင်းများ ပျက်စီးခဲ့သည်ဟု တောင်သူများက ပြောသည်။
သဘာဝဘေးကြောင့် ဆန်စပါးအထွက် နည်းသွားသည့်အပြင် မိုးစပါးမှာ ကာလပေါက်ဈေး တင်းတစ်ရာလျှင် ကျပ် ၁၆ သိန်း ကျော်ဖြစ်နေချိန် စစ်ကောင်စီအား တပ်ရိက္ခာအတွက် မိုးစပါးကြမ်းခင်းဈေး တင်းတစ်ရာ ကျပ် ၈သိန်းခွဲဖြင့် သွင်းရန် သတ်မှတ်ထားသည်။
အဆိုပါ စျေးနှုန်းဖြင့် တောင်သူများထံမှ ထွက်သော စပါး၏ ၆၅ ရာခိုင်နှုန်းကို ဝယ်ယူရန် သတ်မှတ်ထားခြင်း ကြောင့် အခက်တွေ့နေကြရသည်ဟု ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
“သွင်းအားစုတွေက အစစအရာရာ အကုန်ဈေးတက်တယ်။ အပြင်စပါးဈေးက ကောင်းပေမယ့် ရောင်းစရာ စပါးက တောင်သူတွေ လက်ထဲမှာ မရှိဘူး။ ဝမ်းစာတောင် အနိုင်နိုင်ပါ။ ဒီနှစ် မိုးလယ်က ရှုံးတယ်။ လယ်သမား တွေ လယ်ထဲမှာ အကြွေးတွေနဲ့ ချာချာလည်နေတယ်” ဟု ပုသိမ်မြို့နယ်မှ တောင်သူ ဦးမိုးကျော်က ပြောသည်။
မျိုးစပါး၊ ဓါတ်ဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းကလည်း ယခုနှစ်တွင် ၃ ဆခန့် ဈေးတက်ကာ ထွန်ယက်ခ၊ ကောက်စိုက်ခ၊ စာရင်းငှားခ၊ ရိတ်သိမ်းခများလည်း ၂ ဆစီ တက်လာသော်လည်း မိုးစပါးက နွေစပါးထွက်နှုန်း ကဲ့ သို့ တစ်ဧက တင်းတစ်ရာကျော် မထွက်ဘူးဟု တောင်သူ ဦးမိုးကျော်က ပြောသည်။
ဧရာဝတီတိုင်းအတွင်း နေထိုင်သူများအနက် ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်သူများ ဖြစ်ကြပြီး အများစုက လယ်ယာ ကိုင်းကျွန်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြသည်။
စစ်တပ် အာဏာမသိမ်းခင်က မိုးစပါးစိုက်ဧက ၃၈ သိန်းဝန်းကျင် ရှိခဲ့သော်လည်း စစ်တပ်နှင့် လုပ်ငန်းရှင်များက အင်း ဧရိယာ ချဲ့ထွင်လာခြင်း၊ ငါးကန်မွေးကန်များ တိုးချဲ့လာခြင်းနှင့် သွင်းအားစု ဈေးမြင့်တက်လာခြင်းတို့ ကြောင့် လယ်ယာလုပ်ကိုင်မှုမှာ ၃ ပုံ ၁ ပုံခန့်အထိ လျော့ကျသွားသည်ဟု ဧရာဝတီ တောင်သူလယ်သမား သမဂ္ဂ ၏ စာရင်းများတွင် ဖော်ပြထားသည်။