ရှမ်း-ကရင်နီ နယ်စပ် စစ်ရှောင်များအား PNLO မှ ကူညီမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

ကရင်နီ (ကယား)ပြည်၊ လွိုင်ကော်မြို့နယ်၊ ရှမ်း-ကရင်နီအစပ်၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့တွင် ပိတ်မိ နေသည့် ကရင်နီစစ်ရှောင်ပြည်သူများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ကူညီသွား မည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

လွိုင်ကော်နှင့် မိုးဗြဲမြို့တို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးအရ စစ်ကောင်စီတပ် နှင့် ကရင်နီ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ကရင်နီပြည်သူများမှာ နေရာ အနှံ့အပြားသို့ စစ်ဘေးရှောင်နေရသောကြောင့် လူသားခြင်းစာနာမှုဖြင့် ကူညီပေးခြင်း ဖြစ်သည်ဟု PNLA က ပြောသည်။

PNLO ၏ ဒု-ဗိုလ်မှူးကြီး ခွန်အာဠာရက “အကယ်၍ ဟိုဘက်မှာ နေလို့မရတော့ဘူး ဆိုရင်တော့ ဆက်သွယ်လာ ပါ။ ကျနော်တို့ ဆက်ဆံရေးရုံးမှာလည်း ဆက်သွယ်လို့ ရပါတယ်။ ဒီဖုန်းနံပါတ် ပေးထားတဲ့ အတိုင်းပေါ့နော်။ အရင်တုန်းက ဒီမှာ နေခဲ့ဖူးတဲ့ စစ်ရှောင်တွေ၊ လွိုင်ကော် တံတားကြီးရွာ အဲ့ရွာက လူတွေ အချင်းချင်း ဆက် သွယ်ပြီး ချိတ်ဆက် လာကြပါလို့။ ချိတ်ဆက်ပြီးတော့ လာပါ။ တချို့ကလည်း နီးနီးနားနား ဆိုရင်တော့ ကျနော်တို့ သွားကြိုပေးလို့ ရတယ်။ ဒါပေမယ့် တခြား အဖွဲ့အစည်းနဲ့ ရောထွေးနေရတဲ့ နေရာတွေကျတော့ ကျနော်တို့ ကြိုဖို့က အက်အခဲ ရှိနိုင်တယ်။ ဒါပေမယ့် အခု ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ကြိုးစားပြီးတော့ ဆက် သွယ်နေပါတယ်။ အကယ်၍ ထွက်လို့မရသေးလို့ ဘာလို့ စကားပြောလို့ အဆင်မပြေရင်တော့ ကျနော်တို့က ဆက်သွယ်မှာပေါ့နော်။ ပြီးတော့ သွားကြိုပေးမှာပေါ့” ဟု ပြောသည်။

PNLO အနေဖြင့် တနိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အရ လူသားချင်း စာနာထောက် ထားမှုဖြင့် အကူအညီပေးခြင်းကြောင့် စစ်ကောင်စီတပ်နှင့် အကြား ပြဿနာဖြစ်လာနိုင်မည့် ကိစ္စအတွက် စိုးရိမ်စရာ မရှိဟု ဆိုသည်။

ယခင် ၂၀၂၁ ခုနှစ်များတွင်လည်း PNLO နယ်မြေစိုးမိုးမှု ရှိသည့် ဒေသများတွင် စစ်ဘေးရှောင် ၅၀၀ ခန့်ကို ကူညီ ပေးခဲ့ပြီး လက်ရှိတွင်လည်း ထပ်မံ ချိတ်ဆက်လာသည့် စစ်ဘေးရှောင်များ ရှိနေသည်ဟု ဒု-ဗိုလ်မှူးကြီး ခွန်အာဠာရက ဆက်ပြောသည်။

“အရင်ကတည်းက ကျနော်တို့ လက်ခံထားတာလည်း ရှိတယ်။ အခုနောက်ထပ် တိုက်ပွဲ အရမ်းပြင်းထန်နေတဲ့ အချိန်မှာ တချို့သွားမယ့်နေရာ မရှိတဲ့ ပြည်သူလူထုတွေ ဆိုရင် ကျနော်တို့ကို ဆက်သွယ်လာတာ အယောက် ၃၀၊ ၄၀ လောက်ရှိတယ်။ ဒါပေမယ့် သူတို့က ရောက်မလာသေးဘူး။ ရောက်မလာရတဲ့ အကြောင်းအရင်းက တခြားနေရာမှာ ပိတ်မိနေတာလား ဘာလား မသိဘူးပေါ့။ အကယ်လို့ ဟိုဘက်မှာလည်း နေလို့ မရတော့ဘူး ဆို ရင် ဒီမှာလည်း မိုးက ကုန်နေပြီဆိုတော့ ကျနော်တို့ ရှိတဲ့နေရာက မလောက်ဘူး ဆိုရင် ကျနော်တို့ ပြန်လုပ်ပေး မယ်။”

စစ်ကောင်စီက ကရင်နီ စစ်ဘေးရှောင်များအား နိုဝင်ဘာလ ၁၄ ရက်နေ့မှစပြီး တောင်ကြီးမြို့နယ် အတွင်းသို့ ဝင်ခွင့်ကန့်သတ်ထားသည် ဖြစ်ရာ စစ်ဘေးရှောင်များမှာ ကလော၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လောင်း၊ မောက်မယ် စသည့် မြို့နယ်များတွင် ခိုလှုံနေရသည်ဟု ကူညီပေးနေသူများက ပြောသည်။

လွိုင်ကော်မြို့နယ်တွင် သန်းခေါင်စာရင်းအရ လူဦးရေ ၅၀,၀၀၀ ကျော် နေထိုင်ကြပြီး စစ်ဘေးရှောင်ရသည့် လူဦးရေမှာ ၄၀,၀၀၀ ကျော်ခန့်ရှိလာပြီ ဖြစ်ရာ ရာခိုင်နှုန်းအနေဖြင့် ၈၀ ရာခိုင်နှုန်းကျော်ပြီဟု ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။