စစ်ကောင်စီတပ်များ ရှေ့တန်း စစ်ကူ မပို့နိုင်ဟု လက်နက်ချ အရာရှိပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။
တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များကို စစ်ကောင်စီတပ်က စစ်ကူမပေးနိုင်တော့သည့် အခြေအနေ သို့ ရောက်ရှိလာနေသည်ဟု ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ တိုက်ပွဲတွင် လက်နက်ချ အညံ့ခံခဲ့သည့် ဗိုလ်ကြီးကောင်း မြတ်ကိုက ဝန်ခံပြောဆို လိုက်သည်။
ဗိုလ်ကြီးကောင်းမြတ်ကိုက “အဲ့ကနေပြီးတော့ စပြီးတော့ ကျနော်စစ်ကူတော့ တောင်းတယ်ခင်ဗျာ။ ဒါပေမယ့် တပ်ကူက ညနေ ၃ နာရီအထိ ပေါ်မလာဘူး” ဟု ပြောသည်။
စစ်ကူ မပေးလာသည့်အတွက် လက်နက်ချလိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“ပေါ်မလာတော့ ကျနော်လည်း ကိုယ့်အဖွဲ့အစည်းက ကိုယ့်ပေါ်ကို ဒီလောက်တောင်မှ ဒီဟာ မဖြစ်ပေးနိုင်ဘူး လားဆိုပြီးမှ ကျနော်လည်း လက်နက်ချဖို့ ဆုံးဖြတ်လိုက်တာပါ။”
ဗိုလ်ကြီးကောင်းမြတ်ကို က ကရင်နီအမျိုးသားများ ကာကွယ်ရေး KNDF ၏ နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ် ပြန်ထားသည့် ရုပ်သံထဲတွင် ပြောဆိုသွားခြင်းဖြစ်သည်။
ကရင်နီပြည်နယ်ရှိ လွိုင်ကော် တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီ တော် လှန်ရေး တပ်ပေါင်းစုတို့အကြား နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ၎င်းတို့ဖက်မှ ထိခိုက်ကျဆုံးသည့် အခြေအနေများနှင့် ပတ်သက်၍လည်း ဗိုလ်ကြီးကောင်းမြတ်ကို က ယခုကဲ့သို့ ဆက်ပြောသည်။
၎င်းက “ကျနော်တို့က နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်တဲ့အချိန်မှာ ၁၃ ရက်နေ့ညကတည်းက ဖြစ်တာပေါ့နော်။ ၁၃ ရက်နေ့ည ကတည်းက ဖြစ်ပြီးတော့ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ကျနော်တို့နဲ့ ၄၂၅ တပ်ရင်းနဲ့ ကျနော်တို့ ခမရ ၆ နဲ့ ၂ ရင်ပေါင်း တပ်ရင်းမှူးတွေရော ဒု- တပ်ရင်းမှူးတွေရော မရှိတော့ဘူး ကျသွားပြီပေါ့ နော်။ ကျသွားပြီ။ ကျနော်ဦးစီးပြီးတော့ အကောင်းဆိုလို့ ၄ ယောက်လောက်ပဲ ရှိတော့တယ်။ ကျန်တဲ့လူက လူနာတွေ ဖြစ်နေတယ်” ဟု ဆက်ပြောသည်။
လွိုင်ကော်တက္ကသိုလ်ဝင်းထဲတွင် တပ်စွဲထာသည့် စစ်ကောင်စီတပ်၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းတို့ကို အပြီးသတ်ချေမှုန်းစဉ် တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို ဦးစီးသည့် နောက်ဆုံး လက်ကျန် တပ်ဖွဲ့ဝင် စစ်သား ၃၂ ဦး တို့သည် နိုင်ဝင်ဘာလ ၁၅ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း ခမရ (၄၂၅) မှ တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးပြီး ခမရ (၆) ၏ အင်အားတစ်ဝက်နီးပါးကို ချေမှုန်းနိုင်ခဲ့သည်ဟုလည်း KNDF က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေဖြင့် အာဏာရှင် စစ်ခေါင်းဆောင် လူနည်းစုအတွက် အကြမ်းဖက်ဖိနှိပ်သည့် ထောက်တိုင်အဖြစ် ရပ်တည်ပြီး ချေမှုန်းခံမည့်အစား အချိန်မှီ လက်နက်အပ်ကာ CDM ဝင်ရောက်ခြင်းဖြင့် ဂုဏ် သိက္ခာရှိစွာ ဘဝသစ်တွင် ရှင်သန်ကြရန် အထူးတိုက်တွန်းသည်ဟု KNDF က ဆိုသည်။
ထို့အပြင် စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တစ်ဦးချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့လိုက် သော်လည်းကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက် ပူးပေါင်း၍ လက်နက်ချရန် လုပ် ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်သည်ဟု KNDF က ထုတ်ပြန် ပြောဆို ထားသည်။