လွိုင်ကော် စစ်ရှောင်များ ရိက္ခာနှင့် နေရာထိုင်ခင်း လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

ကရင်နီ (ကယား)ပြည်၊ လွိုင်ကော်မြို့မှ ပြည်သူများသည် မြို့တွင်းဖြစ်ပွားနေသာ တိုက်ပွဲများကြောင့် ဘေးလွတ် နိုင်မည့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခိုလုံနေကြရပြီး စားနပ်ရိက္ခာနှင့် နေထိုင်ရန် နေရာ အခက်အခဲများ ရှိနေကြသည်ဟု ကူညီပေးနေသူများက ပြောသည်။

လွိုင်ကော်မြို့က တိုက်ပွဲကြောင့် စစ်ဘေးရှောင် လူဦးရေမှာ တစ်နေ့ထက် တစ်နေ့ ပိုတိုးလာပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးနေကြသော်လည်း လိုအပ်မှုများစွာ ရှိနေသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ၏ အတွင်းရေးမှုး ၂ ဦးဗညားက ပြောသည်။

”ကျနော်တို့ကတော့ တတ်နိုင်သလောက် စာရင်းပြုစုထားတာပေါ့နော်။ တစ်ရက်ထက် တစ်ရက်ဝင်တာက တော့ ပိုတိုးလာတယ်။ ခန့်မှန်းခြေကတော့ ၂၅၀၀၀ ကတော့ လွိုင်ကော်မြို့ကနေ ထွက်လာပြီလို့ ပြောလို့ရပါတယ်။
အခု လောလောဆယ်ကတော့ ကိုယ်ထူကိုယ်ထလည်း တော်တော်ကို များပါတယ်။ ဖိဖိစီးစီး ကူညီပေးနိုင်တာ တစ်သောင်း ဝန်းကျင်ပါပဲ။ ကျန်တဲ့ တစ်သောင်းခွဲကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ နီးစပ်ရာကို ဆက်ပြီးတော့ သွားကြတာပေါ့။ ဒါကလူထုတွေရဲ့ တစ်ယောက်ချင်းစီရဲ့ ရွေးချယ်စရာဖြစ်တယ်။ သွားစရာ လာစရာမရှိတဲ့ သူကို ကျနော်တို့က နေရာထိုင်ခင်းတွေ စားဖို့သောက်ဖို့တွေ စီမံပေးထားတာ ရှိပါတယ်ခင်ဗျ။”

နိုဝင်ဘာလ ၁၇ ရက်နေ့အထိ လွိုင်ကော်မြို့နယ် ပြည်သူများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ဖရူဆို၊ ဒီးမော့ဆို၊ လောပိတ အပြင် ရှမ်းပြည်တောင်ပိုင်းရှိ ဘေးလွတ်နိုင်မည့် နေရာများသို့ ထွက်ကြပြီဟု ဆိုသည်။

ဖရူဆိုနှင့် ဒီးမော့ဆိုဒေသများဘက်သို့ စစ်ရှောင်လာကြသည့် ပြည်သူများကို IEC ၏ လူသားချင်း စာနာထောက် ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ဘာသာရေး အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတ အသင်းများနှင့် စစ်ဘေးရှောင်စခန်း ကော်မတီများက ကူညီပံ့ပိုးပေးနေကြသည်ဟု ဦးဗညားက ဆက်ပြောသည်။

လွိုင်ကော်မြို့မှ ဖရူဆို အနောက်ဖက်ခြမ်းရှိ ဆွေမျိုးအသိများထံ လာရောက် စစ်ရှောင်နေသူများကိုလည်း တတ် နိုင်သမျှ ကူညီဆောင်ရွက်ပေးနေသည်ဟု စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

”လောလောဆယ် သူတို့ နီးစပ်ရာ ဆွေမျိုးဆီမှာပဲ ခိုလှုံနေကြတယ်။ သီးသန့် စီစဥ်ပေးတာမျိုး မရှိသေးပေမယ့် သူတို့ ဆွေမျိုးမိတ်ဆွေအိမ်မှာပဲ ကပ်နေကြတယ်။ လောလောဆယ် အဲ့လိုပဲ လုပ်သေးတယ်။ မနေ့က စာရင်း စကောက်တယ်။ ဒီနေ့မှာ တချို့ထပ်လာတယ်။ မနေ့ညက တချို့ ရောက်တဲ့ဟာတွေလည်း ရှိတော့ စာရင်းက တော့ သေချာ update မရသေးဘူး။ လာတဲ့သူတွေကို စာရင်းကောက်နေတာတော့ ရှိတယ်။ မိသားစုနဲ့ ဆိုတော့ လေးဆယ် ငါးဆယ်လောက်တော့ ရှိမယ်” ဟု ပြောသည်။

လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်က စတင် ထွက်ခွာလာရာမှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ ရောက်ရှိလာသော စစ်ရှောင်အမျိုးသမီးကလည်း ၎င်းတို့မိသားစု ကြုံရသည့် အခက်အခဲနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

”အခုက ဘယ်လိုမျိုးလဲဆို ရွာကလည်း တတ်နိုင်ရင် မူကြိုကျောင်းတို့ ဘာတို့ အဲ့လိုမျိုးနေရာမှာ သွားတည်းခိုင်း စေချင်တာ။ တချို့လူတွေကလည်း အဲ့လိုမျိုးဆို မတည်းချင်ကြဘူး။ စစ်ရှောင်ဆိုပြီး သီးသန့်ထားတဲ့ နေရာမှာ မနေချင်ကြဘူး။ ကိုယ့်ဟာကိုယ် အိမ်လေးငှားပြီးတော့ အဲ့လိုမျိုးပဲ နေချင်ကြတယ်။ အဲ့လိုကျတော့ ကွဲကုန် တယ်ပေါ့နော်။ ကလေးတွေအတွက်ပဲ စိတ်ပူတာပါ။ လူကြီးတွေက ဘယ်မှာပဲ နေနေ နေလို့ရတယ်။”

အဆိုပါ စစ်ရှောင်အမျိုးသမီးနှင့် မိသားစုမှာ လက်ရှိတွင် နေရာထိုင်ခင်း အခက်အခဲကြောင့် အသိ၏ အိမ်ခြံဝန်းထဲတွင် တဲထိုးကာ နေနေကြသည်ဟု ဆိုသည်။

ထိုသို့ စစ်ဘေးရှောင်များ ထပ်မံတိုးလာသဖြင့် စစ်ရှောင်ကော်မတီမှ အရေးပေါ်အတွက် စုဆောင်းထားသော ရိက္ခာများကို ထုတ်သုံးနေရပြီး နေ့စဉ်တိုးလာသော လူဦးရေစာရင်းအရ စားနပ်ရိက္ခာများ ပိုမိုခက်ခဲလာသည်ဟု ဖရူဆို အနောက်ဘက်ခြမ်းက စစ်ရှောင် ကော်မတီတာဝန်ရှိသူက ဆက်ပြောသည်။

”ကော်မတီဟာလည်း တကယ့် အရေးပေါ်ထားတဲ့ဟာတော့ ရှိတယ်။ ဒါပေမယ့် အခုမိဘမဲ့ ကလေးလာတာပဲ ၆၀ ရှိနေပြီ ဆိုတော့ ဒါကတော့ ကော်မတီက အရေးပေါ် ချက်ပြုတ်ပေးနေတာမျိုးတော့ရှိတယ်။ လောလောဆယ် ပေါ့။”

ဖရူဆို အနောက်ဘက်ခြမ်းသို့ စစ်ဘေးရှောင်လာကြသော သူများထဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ခြေထောက်ထိမှန်ဒဏ်ရာ ရရှိခဲ့သူများနှင့် မီးဖွားခါနီး အမျိုးသမီးတစ်ဦးလည်း ပါသောကြောင့် မီးဖွားနိုင်ရေးနှင့် ဒဏ်ရာ ရရှိထားသူတို့ ကောင်းမွန်စွာဆေးကုသမှု ခံယူနိုင်ရေး ပြင်ဆင်ပေးထားရသည်ဟု ဆိုသည်။

ယခု လွိုင်ကော်မြို့တွင် ဖြစ်ပွားနေသော ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ အကြားက တိုက်ပွဲများကြောင့် လွိုင်ကော်ဒေသခံများသည် ဒီးမော့ဆို၊ ဖရူဆို၊ လောပိတနှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဒေသ များဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဓါတ်ပုံ – Karenni Humanitarian Aid Initiative