ကရင်နီတွင် စပါးအထွက်ကျဆင်း၊ လာမည့်နှစ် ရိက္ခာ အခက်ကြုံနိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

စပါးအထွက်နှုန်း ကျဆင်းမှုကြောင့် လာမည့်နှစ်တွင် ကရင်နီပြည်သူများ၏ စားဝတ်နေရေးအတွက် အခက်အခဲ ရှိလာနိုင်သည်ဟု ဒေသခံတောင်သူများက ပြောသည်။

ယခုနှစ် စပါး ရိတ်သိမ်းကာလတွင် ကရင်နီပြည်ရှိ ဒေသအချို့၌ ယခင်နှစ်များကထက် စပါးအထွက်နှုန်းမှာ ကျဆင်းသွားသည်ဟု တောင်သူများက ပြောသည်။

ဖရူဆိုတွင် စစ်ရှောင်ရင်း စပါးစိုက်သော တောင်သူတစ်ဦးက “ပြီးခဲ့တဲ့နှစ်ကဆို စပါးလည်း အထွက် ကောင်း တယ်။ မြေပဲလည်း အထွက်ကောင်းတယ်။ ဒီနှစ်ကျတော့ မိုးဆက်တိုက်ရွာတယ်။ ည‌ကော နေ့ကောပေါ့။ အဲ့ဒါ ကြောင့် စပါးတွေက ထွက်သင့်သလောက် မထွက်ဘူး။ စပါးနှံတွေက အဖျင်းများတယ်။ ‌မြေပဲတွေက နည်း နည်းတော့ ထွက်တယ်။ ဒါပေမယ့် မိုးအရမ်းရွာတော့ ‌‌မြေကြီးထဲမှာပဲ အပင်ပေါက်ကုန်ရော” ဟု ‌ပြောသည်။

ယခုကဲ့သို့ အထွက်နှုန်း ကျဆင်းရခြင်းမှာ ယခင်နှစ်များကထက် ယခုနှစ်ထဲတွင် မိုးများသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ကရင်နီပြည်နယ်ထဲ ယခုနှစ်တွင် မိုးများသောကြောင့် စပါးဝတ်ဆံများ ကြွေကာ စပါးအဖျင်းများသာ သီးခြင်း ဖြစ်သည်ဟု ဖရူဆိုအရှေ့ဖက်ခြမ်းတွင် စစ်ရှောင်းရင်း စပါးစိုက်ပျိုးကြသော တောင်သူများက ပြောသည်။

ထို့အပြင် ယခုနှစ်ထဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှောင်နှစ်အတွက် သိုလှောင်ထားသော ဆန်များလည်း ပျက်စီးမှုရှိခဲ့ရာ လာမည့်နှစ်အတွက် စာဝတ်နေရေး အခက်‌တွေ့လာနိုင်ကြောင်းကို တောင်သူ တစ်ဦးက ဆက် ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ကဆိုရင် နောက်နှစ်အတွက်ဆိုပြီး တောထဲသွားပြီး သိုလှောင်ထားတဲ့ ဆန်တချို့က ကြွက်ကိုက်တာ တွေ မိုးရေစိုတာတွေ ဖြစ်ကုန်တော့ လာမယ့် နောက်နှစ်က စားဝတ်နေရေးအတွက် ခက်ခဲလာနိုင်တာပေါ့” ဟု ပြောသည်။

အလားတူ ဖရူဆို ကဲ့သို့ပင် မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီးမော့ဆို ဒေသတစ်‌ကြောတွင် စစ်ကောင်စီက တပ်စွဲထားမှုကြောင့် စစ်ရှောင်များမက ဒေသခံများကပါ လယ်ယာကို ကောင်းမွန်စွာ စိုက်ပျိုးခွင့်လည်း မရှိခဲ့ဘူးဟု ဆိုကြသည်။

ဘီးလူးချောင်း၏ အရှေ့ဖက်၌သာ အနည်းငယ် စိုက်ပျိုးခွင့်ရခဲ့ကြသော်လည်း မိုးဗြဲရေကာတာမှ ရေများ မဆင် မခြင် လွှတ်ချမှုကြောင့်လည်း စပါးခင်းများ အများအပြား ရေမြုပ် ဆုံးရှုံးသွားသည်ဟု ဒေသခံများက ပြော သည်။

ဘီလူးချောင်း အနီးဝန်းကျင်နေ ဒေသခံတစ်ဦးက “စပါး အနှံထွက်တဲ့ အချိန်ပဲ ရေမြုပ်ကုန်တော့ ရေကျတဲ့အချိန် ဘာမှမရှိတော့ဘူးလေ။ ကုန်ပြီလေ။ ရိတ်သိမ်းလို့လည်း မရတော့ဘူး။ စပါးစေ့တွေ ပုပ်ကုန်ပြီလေ” ဟု ပြော သည်။

ယခုနှစ်အတွင်း ကရင်နီပြည်ရှိ စစ်ရှောင်များနှင့် ဒေသခံများသည် ရှေ့နှစ်အတွက် စားဝတ်နေရေး ချောင်လည် စေရန် ရည်ရွယ်ပြီး တစ်ပိုင်တစ်နိုင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် အဆင်မ‌ပြေမှုနှင့်သာ ကြုံတွေ့ရကြောင်း ကရင်နီပြည်သူများက ပြောသည်။

အလားတူပင် ယခုနှစ်တွင် ဖရူဆိုမြို့ အနောက်ဖက်ခြမ်းရှိ ဒေသအတော်များများတွင်လည်း မိုးများမှုကြောင့် စပါးအထွက်နှုန်း ကျသဖြင့် လာမည့်နှစ်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်မည်ကို စစ်ရှောင်နှင့် ဒေသခံများ က စိုးရိမ်ပူပန်ကြသည်။

စစ်ရှောင်တစ်ဦးက “စစ်ရှောင် ကူညီထောက်ပံ့မှု အပိုင်းမှာ တစ်လနဲ့ တစ်လကွာဟမှု ရှိလာတယ်။ ပြီးခဲ့တဲ့နှစ် ကဆို အလှုရှင်က အများကြီး လာလှူနိုင်တယ်။ ဒီနှစ်ကျတော့ အလှူရှင်က တအားကို ပါးသွားတဲ့ အပိုင်းမှာ ရှိ တယ်။ ဒါ‌ကြောင့် စစ်ရှောင်တွေက သူတို့ရဲ့ စားဝတ်နေရေးအတွက် ‌ဖြေရှင်းတဲ့နေရာမှာ အခက်အခဲနဲ့ တော် တော်လေး ကြုံတွေ့နေကြရတယ်။ ကြာလာရင်တော့ အခက်အခဲတွေ ပိုတွေ့လာနိုင်တယ်” ဟု ပြောသည်။

သီးနှံအထွက်နှုန်း ကျဆင်း၍ အခက်အခဲ ကြုံတွေ့နေရသည်သာမက လက်ရှိ စစ်ရေးအ‌ခြေအနေများကြောင့် လည်း စစ်ရှောင်လူဦးရေ ပိုမိုများပြားလာသဖြင့် စစ်‌ဘေးရှောင်များ၏ စားဝတ်‌နေရေးအတွက် ကူညီထောက်ပံ့မှု အပိုင်းတွင် အခက်ခဲများ ပိုများပြားလာနိုင်သည်ဟု ဆိုကြသည်။

ကရင်နီပြည်၏ လက်ရှိအ‌ခြေအနေများကြောင့် စစ်ရှောင်ပြည်သူများ ကြုံတွေ့လာနိုင်သည့် အခက်ခဲများကို စစ်ဘေးရှောင် ကူညီရေး ကော်မတီများနှင့် အခြားသော လူမှုကူညီရေး အသင်းအဖွဲ့များက တတ်နိုင်သည့်ဘက်မှ ကြိုးစားကူညီဆောင်ရွက်ပေးနေကြသည်။